ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော အသုံးစရိတ် တင်ပြတောင်းခံမှုများ မဖြစ်ပေါ်ရန် ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဘတ်ဂျက်စိစစ် ဖြတ်တောက်ရုံဖြင့် လုံလောက်မှုမရှိဘဲ အစိုးရအဖွဲ့အစည်း အသီးသီး အနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ရေးဆွဲရမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေး

ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော အသုံးစရိတ် တင်ပြတောင်းခံမှုများ မဖြစ်ပေါ်ရန် ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဘတ်ဂျက်စိစစ် ဖြတ်တောက်ရုံဖြင့် လုံလောက်မှုမရှိဘဲ အစိုးရအဖွဲ့အစည်း အသီးသီး အနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ရေးဆွဲရမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေး
Published 24 February 2018

ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော အသုံးစရိတ် တင်ပြတောင်းခံမှုများ မဖြစ်ပေါ်ရန် ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဘတ်ဂျက်စိစစ် ဖြတ်တောက်ရုံဖြင့် လုံလောက်မှုမရှိဘဲ အစိုးရအဖွဲ့အစည်း အသီးသီး အနေဖြင့် ဘတ်ဂျက်များ ပြင်ဆင်ရေးဆွဲချိန်တွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ ရေးဆွဲရမည်ဟု ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ နေပြည်တော်၌ ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၂၈ ယောက်က ဆွေးနွေးရာ ဒေါ်ခင်စန်းလှိုင်က အထက်ပါအတိုင်း တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်မှုမရှိတဲ့ အသုံးစရိတ် တင်ပြတောင်းခံမှုတွေကို နောင်မဖြစ်စေဖို့ဆိုရင် ကျွန်မတို့ပြည်ထောင်စု လွှတ်တော်ကြီးက ဘတ်ဂျက်စိစစ်ပြီး ဖြတ်တောက်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ အစိုးရအဖွဲ့အစည်း အသီးသီးအနေနဲ့ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲကတည်းက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနဲ့အညီ  အလေးအနက်ထား အထူးဂရုပြု စိစစ်ရေးဆွဲရမှာ ဖြစ်သလို အဆင့်ဆင့် စိစစ်တဲ့ အဖွဲ့အစည်းများ အနေနဲ့လည်း တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့ လိုအပ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ၁၉၈၆ ခုနှစ် ဆိုရှယ်လစ်အစိုးရ လက်ထက်တွင် ထုတ်ပြန်သည့် ၄၂/၈၆ စည်းမျဉ်းသည် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီအထိ တည်ဆဲလိုက်နာရန် စည်းမျဉ်းဖြစ်ပြီး အစိုးရသစ်လက်ထက် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု အားကောင်းစေရန် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း ၃၅/၂၀၁၇ ကို ထုတ်ပြန်ခဲ့ပြီး ၄၂/၈၆ ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်တွင် ၃၅/၂၀၁၇ ပါ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိသော အသုံးစရိတ် တင်ပြတောင်းခံမှုများ ရှိနေဆဲကို လေ့လာတွေ့ရှိရပြီး နှစ်ပေါင်း ၃၀ ကြာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အစိုးရ အဖွဲ့အစည်း အသီးသီးသည် ၄၂/၈၆ ပါ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်မှု အားနည်းခဲ့ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှုများ၊ အလွဲသုံးစားမှုများသည် အစဉ်အလာ အလေ့အထ တစ်ခုကဲ့သို့ အမြစ်တွယ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent