၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခုနစ်နှစ်အတွင်း နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်ဘီလျံ ၁၃၀၀၀ ကျော်ရှိပြီး ဘတ်ဂျက် ပိုလျှံငွေများ အသားတင် ပြန်လည်အပ်နှံမှုမှာ ကျပ်ဘီလျံ ၁၁၀၀၀ ကျော် ရှိသည့်အတွက် ကိုယ်ဆွဲသည့် ဘတ်ဂျက်အပေါ် အလေးထားမှု အားနည်းကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝေဖန်

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခုနစ်နှစ်အတွင်း နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်ဘီလျံ ၁၃၀၀၀ ကျော်ရှိပြီး ဘတ်ဂျက် ပိုလျှံငွေများ အသားတင် ပြန်လည်အပ်နှံမှုမှာ ကျပ်ဘီလျံ ၁၁၀၀၀ ကျော် ရှိသည့်အတွက် ကိုယ်ဆွဲသည့် ဘတ်ဂျက်အပေါ် အလေးထားမှု အားနည်းကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝေဖန်
Published 18 February 2018

ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ်

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ခုနစ်နှစ်အတွင်း နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေမှာ ကျပ်ဘီလျံ ၁၃၀၀၀ ကျော်ရှိပြီး ဘတ်ဂျက်ပိုလျှံငွေ အသားတင်ပြန်လည် အပ်နှံမှုမှာ ကျပ်ဘီလျံ ၁၁၀၀၀ ကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်းမှာ ကျပ် ၁၃၀၇၃ ဘီလျံဖြစ်ပြီး ဘတ်ဂျက်ပိုလျှံငွေများ ပြန်လည်အပ်နှံငွေမှာ ကျပ် ၁၄၆၂၃ ဘီလျံဖြစ်ကာ အပ်နှံငွေမှ လွှဲပြောင်းသုံးငွေမှာ ကျပ် ၃၀၂၂ ဘီလျံ ဖြစ်သည့်အတွက် အသားတင် အပ်နှံငွေမှာ ကျပ် ၁၁၆၀၁ ဘီလျံ ဖြစ်ကြောင်း ကော်မတီအစီရင်ခံစာအရ သိရသည်။

“ပြောမယ်ဆိုရင်တော့ အချက်တွေက အများကြီးပေါ့။ လုပ်မယ်လို့ ယူထားပြီးတော့ မလုပ်နိုင်တဲ့ အခါကျတော့ တကယ်လိုတဲ့ နေရာတွေ မရခဲ့ဘူးပေါ့။ အမှန်တကယ်ဆိုရင် အစကတည်းက ကိုယ်မလုပ်နိုင်ဘူး။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ မရှိလို့ရှိရင် လိုအပ်သလောက်ပဲ တောင်းထားမယ် ဆိုလို့ရှိရင် တခြားလိုတဲ့နေရာတွေကို ဖြည့်ပြီး ပေးနိုင်တာပေါ့။ အဲဒါနဲ့ ပတ်သက်လို့ အရင်တုန်းက ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးလည်း ပြောဖူးတယ်။ ကျွန်တော်တို့ ဘတ်ဂျက်တောင်းတာ ဘူဖေး စားသလိုပဲတဲ့။ ကိုယ့်ပန်းကန်ထဲမှာ ထည့်ထားပြီးတော့ နောက်တော့ မကုန်နိုင်တဲ့သဘော ဖြစ်သွားတာပေါ့ဗျာ”ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အထိ နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်းမှာ ကျပ် ၉၃၇၁ ဘီလျံ ဖြစ်ပြီး အသားတင် ပြန်လည်အပ်နှံငွေမှာ ကျပ် ၉၉၁၄ ဘီလျံဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ထို့ပြင် လက်ရှိသမ္မတ ဦးထင်ကျော် အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေမှာ ၁၂၈၄ ဘီလျံဖြစ်ပြီး အသားတင်ပြန်လည် အပ်နှံငွေမှာ ကျပ် ၁၆၈၇ ဘီလျံဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဆိုသည်။

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေမှာ ကျပ် ၂၄၁၈ ဘီလျံဖြစ်ပြီး ဘဏ္ဍာနှစ်မှာ မတ်လကုန်တွင် ကုန်ဆုံးမည် ဖြစ်သည်။

ဘတ်ဂျက်ခွင့်ပြုငွေများကို အပြည့်အ၀ သုံးစွဲနိုင်မှု မရှိခြင်းကြောင့် အထွေထွေ ပိုလျှံရန်ပုံငွေသို့ နှစ်စဉ် ကျပ်ဘီလျံ ထောင်ဂဏန်းအထိ ပြန်လည်အပ်နှံလျက်ရှိရာ ဌာနများအနေဖြင့် ဘတ်ဂျက် တိုးမြှင့်ရရှိမှုနှင့် လိုက်လျောညီထွေဖြစ်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းကို သေချာစွာ ဆန်းစစ်လေ့လာသုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။

“ကိုယ်က ရသမျှ တောင်းလိုက်တဲ့အခါကျတော့ တကယ်မရတဲ့ ဌာနတွေမှာ မလုပ်နိုင်တာတွေ ရှိတယ်။ နောက်တစ်ခုက လိုငွေနဲ့ ပေးရတာဖြစ်တဲ့အတွက် ဒီလိုအများကြီး မလုပ်နိုင်ဘဲနဲ့ ဘတ်ဂျက်ကြီးမှာ လျာထားလိုက်တဲ့ အခါကျတော့ လိုငွေစည်းမျဉ်းက ပေါ်သွားရော။ ပေါ်သွားတော့ အများရဲ့ အမြင်မှာဟာ နိုင်ငံတော်မှာ လိုငွေတွေ ဒီလောက်ကြီး ရှိလာတယ်။ လိုငွေဖြစ်လာပြီ ဆိုရင်တော့ ဗဟိုဘဏ်ကတော့ ငွေရိုက်ရတော့မှာပဲဆိုပြီးမှ ကုန်ဈေးနှုန်းတက်တာတို့ ငွေကြေးဖောင်းပွမှု ဖြစ်တာတို့ဆိုတာ ဒါတွေပါပဲ။ တစ်တိုင်းပြည်လုံး ခံစားရတာပါ။ ကိုယ် ကိုယ်တိုင်ရေးဆွဲပြီး လုပ်ပါမယ်လို့ Commitment လုပ်တဲ့ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နိုင်တဲ့နေရာမှာ မဖော်နိုင်ဘဲနဲ့ အကြောင်းကြောင်းကြောင့် မဖော်နိုင်တဲ့နေရာမှာတော့ ကိုယ့်ရဲ့ ဘတ်ဂျက်ပေါ်မှာ ထားတဲ့ အလေးထားမှုဟာ အားနည်းသွားတာပေါ့” ဟု ဦးအောင်မင်းက ပြောကြားသည်။

Most Read

Most Recent