ရိုက်တာသတင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်လှထွန်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်

ရိုက်တာသတင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်လှထွန်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်
Published 16 January 2018

ဓာတ်ပုံ-U Aung Hla Tun Facebook

ရိုက်တာသတင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်လှထွန်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့တွင် ပြဌာန်းချက်များအရ ဦးအောင်လှထွန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လုပ်သင့်တာတွေတော့ရှိပါတယ်။ လတ်တလော ဦးစားပေးဆောင်ရွက်ချင်တာကတော့ မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာက မှန်မှန်ကန်ကန် သိရှိနားလည်နိုင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် သတင်းသမားတွေအတွက် သတင်းအချက်အလက်ရယူနိုင်ရေး (access to information) ကောင်းမွန်လာအောင်နဲ့ ပွင့်လင်းမြင်သာမှု တိုးတက်လာအောင် သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားဖို့ စိတ်ကူးထားပါတယ်” ဟု ဦးအောင်လှထွန်းက ပြောကြားသည်။

ဦးအောင်လှထွန်းသည် ရိုက်တာသတင်းဌာနတွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိလုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရိုက်တာသတင်းဌာန၏ အကောင်းဆုံးဆောင်းပါးဆု ရရှိခဲ့သည်။

လက်ရှိတွင် သတင်းမီဒီယာကောင်စီ (MPC) ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ထမ်းဆောင်နေပြီး မီဒီယာသမားများကိုလည်း အင်္ဂလိပ်စာ သင်ကြားပေးနေသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးအောင်လှထွန်းမှာ ယခင်က ပြန်ကြားရေးဝန်ကြီးဌာနတွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံခြားသတင်းထောက်များအသင်း၏ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်သည်။

တည်ငြိမ်မှုမရှိသေးသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စ၊ သတင်းထောက်များ ဖမ်းဆီးခံရမှုနှင့် သတင်းမီဒီယာကိစ္စ အငြင်းပွားမှုများတွင် သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတစ်ဦးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာချိန်တွင် ဦးအောင်လှထွန်းအား ယင်းကဲ့သို့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဌာန်းချက်များအရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း သိရသည်။

Most Read

Most Recent