ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန် လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူ

ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန် လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူ
Published 11 January 2018

ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၏ နေရာတွင် ဝန်ကြီးချုပ်တစ်ဦးအား အစားထိုး ခန့်အပ်နိုင်ရေး ဇန်နဝါရီ ၁၅ ရက်တွင် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူထားကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတရုံးမှ ဇန်နဝါရီ ၉ ရက် ရက်စွဲဖြင့် အမိန့်အမှတ် ၁/၂၀၁၈ တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ ပါ ပြဋ္ဌာန်းချက်များအရ မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့် ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် အလားတူ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းကိုပါ မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့် ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိနေသော ဝန်ကြီးချုပ်နှင့် ဝန်ကြီးနေရာ တစ်ခုအား အသစ်ပြန်လည် ခန့်အပ်နိုင်ရေးအတွက် လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“အရေးပေါ် အစည်းအဝေး ခေါ်ယူတယ်ဆိုတာလည်း အခုအားလုံးလည်း သိပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် အချိန်းအပြောင်းရှိသလို ဝန်ကြီးတစ်ဦးလည်း နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းတွေကို သမ္မတရုံးကလည်း ကြေညာပြီးသလို အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုဝန်ကြီးချုပ်အသစ် တစ်ယောက် ထပ်မံခန့်ထားနိုင်ရေးအတွက် လွှတ်တော်ဥပဒေဆိုင်ရာ နည်းဥပဒေ (၂) အရ အရေးပေါ် အစည်းအဝေးကို ဥက္ကဋ္ဌကြီးကနေ ခေါ်ယူခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေးပေါ်အစည်းအဝေး ခေါ်ပြီဆိုရင် နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ အမည်စာရင်းကို တင်သွင်းပါလိမ့်မယ်။ နောက်ဖြစ်ပေါ်လာမယ့် ဝန်ကြီးချုပ်ရဲ့ အမည်စာရင်းကို တင်သွင်းပါလိမ့်မယ်။ တင်သွင်းတဲ့အခါမှာ တိုင်းဒေသကြီး လွှတ်တော်မှာ နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းတဲ့ ဝန်ကြီးချုပ်ကို လွှတ်တော်ရဲ့သဘောထား ရယူမှာဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၅၀ အရ သဘောထားရယူမှာ ဖြစ်ပါတယ်။ ရယူပြီးတဲ့အချိန်မှာ နိုင်ငံတော်သမ္မတရုံးကို သဘောထားမှတ်ချက်နဲ့အတူ ပြန်လည်ပေးပို့ပြီးတော့ အတည်ပြု ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အရေးပေါ်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သမ္မတရုံးရဲ့ အမိန့်အမှတ် ၁/၂၀၁၈ ၊ ၂/ ၂၀၁၈ အရ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ရှိနေတဲ့ ဝန်ကြီးချုပ်ရဲ့ အသက်ကလည်း ၇၇ နှစ် ရှိနေပါပြီ။ အသက်ကြီးတဲ့ အခါကျတော့ အဘိုးမှာလည်း ကျန်းမာရေး အနေအထားအရ သိပ်မကောင်းတာလည်း အားလုံးအသိ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးအရ တာဝန်ဆက်လက် လုပ်ကိုင်နိုင်စွမ်း မရှိတော့တဲ့အတွက် အနားယူခွင့် ပြုလိုက်တယ်လို့ပဲ ဝန်ကြီးချုပ်ကိုယ်တိုင် တင်ပြချက်အရ သမ္မတရုံးက ခွင့်ပြုလိုက်တယ်လို့ ကျွန်တော် သိရပါတယ်ခင်ဗျ။ ဦးဘဟိန်းလည်း အလားတူပါပဲခင်ဗျ။ ဝန်ကြီးချုပ်အသစ် အမည်စာရင်းကိုတော့ ကျွန်တော်တို့ လွှတ်တော် ၁၅ ရက် ကျင်းပတဲ့ ရက်ကျရင် သမ္မတရုံးက တင်သွင်းထားတဲ့ ဝန်ကြီးချုပ်အမည်လောင်း စာရင်းကို ကြေညာမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ဖို့အတွက် အနိမ့်ဆုံး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ရသလို လွှတ်တော်ရဲ့ သဘောထားကို ရယူတဲ့အခါမှာ လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့အတူ နိုင်ငံတော်သမ္မတက ခန့်အပ်တာဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောကြားသည်။

ဝန်ကြီးချုပ် မန်းဂျော်နီမှာ ရာထူးမှ နုတ်ထွက်ပြီးနောက်တွင် အစိုးရအဖွဲ့ရုံးသို့ လာရောက်သည်ကို မတွေ့ရှိရဘဲ ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းမှာ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်ခဲ့မှုများနှင့် မျက်စိ ခွဲစိတ်ထားခြင်း၊ လက်ရှိအချိန်တွင်လည်း အူရောင်ငန်းဖျားကဲ့သို့သော ရောဂါဖြစ်ပွားနေသောကြောင့် အလုပ်တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်မည် စိုးသောကြောင့် နုတ်ထွက်ရခြင်းသာဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆိုသည်။ ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်ခဲ့သည့် အစိုးရသက်တမ်း နှစ်နှစ်တာကာလအတွင်း တိုင်းဒေသကြီးအတွင်း ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ ဝန်ကြီးချုပ်မှာ စာသင်ကျောင်းဖွင့်ပွဲများနှင့် အခြားသော ပွဲလမ်းသဘင်များကိုသာ တက်ရောက်နေခဲ့မှု များပြားခဲ့ကြောင်း ဝေဖန်မှုများ ရှိနေသည်။

ရာထူးမှ အနားယူခဲ့သည့် ဝန်ကြီးချုပ် မန်းဂျော်နီမှာ ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၁ ရက် တွင် မွေးဖွားခဲ့ပြီး လက်ထောက်မြို့နယ် ပညာရေးမှူး အငြိမ်းစားတစ်ဦးဖြစ်ကာ ၁၉၉၀ ပြည့် နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျုံပျော်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ရွေးကောက်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မြောင်းမြမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

လစ်လပ်ခဲ့သည့် ဝန်ကြီးချုပ်နေရာအတွက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုး၊ ပုသိမ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဒေါ်မြင့်မြင့်စန်း၊ မြောင်းမြမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးတို့မှာ အမည်သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

Most Read

Most Recent