အမှုသည်များအပေါ် မောက်မာစွာ ဆက်ဆံနေဆဲဖြစ်ပြီး တရားခွင်အတွင်း ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊ အပြင်ထွက်ဖုန်းပြောခြင်းများနှင့် မိမိအနိုင်ပေးလိုသော အမှုသည်၏သက်သေကိုသာ အသာပေးသုံးသပ်၍ တစ်ဖက်သတ်အမိန့် ချမှတ်ခြင်းများ တွေ့ရှိ

အမှုသည်များအပေါ် မောက်မာစွာ ဆက်ဆံနေဆဲဖြစ်ပြီး တရားခွင်အတွင်း ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊ အပြင်ထွက်ဖုန်းပြောခြင်းများနှင့် မိမိအနိုင်ပေးလိုသော အမှုသည်၏သက်သေကိုသာ အသာပေးသုံးသပ်၍ တစ်ဖက်သတ်အမိန့် ချမှတ်ခြင်းများ တွေ့ရှိ
Published 28 July 2017

အမှုသည်များအပေါ် မောက်မာစွာ ဆက်ဆံနေဆဲဖြစ်ပြီး တရားခွင်အတွင်း ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊ အပြင်ထွက်ဖုန်းပြောခြင်းများနှင့် မိမိအနိုင်ပေးလိုသော အမှုသည်၏သက်သေကိုသာ အသာပေးသုံးသပ်၍ တစ်ဖက်သတ် အမိန့်ချမှတ်ခြင်းများ တွေ့ရှိရကြောင်း တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ဇူလိုင် ၁၀ ရက်တွင် ပြည်သူ့လွှတ်တော်၌ အစီရင်ခံစာတင်သွင်းခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် ဥပဒေရေးရာ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်၏ ဆောင်ရွက်မှုများမှာ နှေးကွေးသော်လည်း ပြောင်းလဲမှုများကို တွေ့မြင်ရပြီး တရားစီရင်ရေးကဏ္ဍတွင် အချို့အဖွဲ့အစည်းများမှာ ယခင်ကထက် ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း အများစုမှာပြောင်းလဲမှုမရှိသေးသည်ကို တွေ့ရကြောင်း ထည့်သွင်းဖော်ပြထားသည်။

တရားရုံးများတွင် တရားသူကြီးများ၏ ပြည်သူအပေါ်ဆက်ဆံရေးမှာ သိသာထင်ရှားစွာ ပြောင်းလဲလာခြင်း မတွေ့ရကြောင်း၊ အမှုသည်များအပေါ် ဆက်ဆံရေးမှာ မောက်မာနေဆဲဖြစ်သည်ကို ကြားသိနေရကြောင်း၊ ပိုမို၍မနှစ်မြို့ဖွယ်တွေ့မြင်ရသည်မှာ တရားစီရင်နေဆဲပင် ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊ တရားခွင်အပြင်ထွက်၍ တယ်လီဖုန်းပြောခြင်းများကို တွေ့မြင်နေရဆဲဖြစ်ကြောင်း၊ မလိုအပ်ဘဲဖြစ်စေ၊ ဘက်လိုက်၍ဖြစ်စေ ရုံးချိန်းမကြာခဏပေးခြင်း၊ ဝရမ်းနှင့်သမ္မန်စာ အတည်ပြုသည့်ကိစ္စများတွင် လိုလျှင်လိုသလိုအတည်ဖြစ်စေပြီး မလိုလျှင် ဝရမ်းနှင့်သမ္မန်စာ အကြိမ်ကြိမ်ထုတ်ပြီး အမှုကိုနှောင့်နှေးအောင် ဆောင်ရွက်နေခြင်းများကို တွေ့မြင်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် တရားသူကြီးအချို့သည် ဥပဒေကိုလက်တစ်လုံးခြားပြု၍ သုံးသပ်ကြပြီး မှုခင်းဖြစ်ရပ်တွင် သက်သေခံတရားလို၊ တရားခံ သို့မဟုတ် တရားလို၊ တရားပြိုင်တင်ပြသော သက်သေများ၏ ထွက်ချက်များကို အခြားသော သက်သေခံအထောက်အထားများနှင့်အတူ သုံးသပ်ဆုံးဖြတ်ခြင်းမပြုကြဘဲ မိမိအနိုင်ပေးလိုသော အမှုသည်၏ သက်သေဘက်ကိုသာ အသာပေးသုံးသပ်ပြီး အခြားဘက်က သက်သေထွက်ချက်များကို နောက်မှအကြံရ၍ ထွက်သောသက်သေများဖြစ်သည်ဟု သုံးသပ်ပြီး တစ်ဖက်သတ်အမိန့် ချမှတ်သည်များကိုလည်း တွေ့ရကြောင်း၊ တရားရုံးချုပ်က တရားစီရင်ရာတွင် လိုက်နာရန်ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာစစ်ဆေးရန် ညွှန်ကြားပြီးဖြစ်သော်လည်း သိရှိသူနည်းပါးသည်ကို တွေ့ရကြောင်း၊ တာဝန်မဲ့ပေါ့လျော့စွာဆောင်ရွက်၍ မှားယွင်းမှုတွေ့ပါက ထိရောက်စွာအရေးယူရန် လိုအပ်ကြောင်းနှင့် မကောင်းသည့်တရားသူကြီးများကို နယ်ပြောင်းခြင်း၊ ရာထူးတိုးမပေးခြင်းလောက်နှင့် ယခုအခါ ခရီးမရောက်နိုင်ကြောင်းနှင့် ထုတ်ပယ်ရန်လိုအပ်လျှင် ထုတ်ပယ်ရန်၊ အရေးယူရန်လိုလျှင် ထိရောက်စွာအရေးယူရန် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက အစီရင်ခံစာတွင် ထည့်သွင်းတင်သွင်းခဲ့သည်။

အလားတူ အချို့ရဲစခန်းများတွင် မှုခင်းတစ်ခုကို သွားရောက်တိုင်ကြားပါက ရဲအရေးမပိုင်သည့် အမှုဖြစ်သည်ဟု အကြောင်းပြကာ အရေးယူမပေးခြင်း၊ ရဲအရေးမပိုင်သော အမှုများနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသည်ကိုလည်း တွေ့ရှိရကြောင်း ကော်မတီကအစီရင်ခံစာ တင်သွင်းခဲ့သည်။

ယခုအခါ အကျင့်ပျက်ခြစားခြင်းကို ပြည်သူများက လက်မခံကြတော့ကြောင်း၊ ထိပ်ပိုင်းခေါင်းဆောင်များက ယခင်စိတ်နေစိတ်ထားမျိုးကို ပြောင်းလဲနေပြီဖြစ်ရာ တံစိုးလက်ဆောင်ယူ၍မဟုတ်သည်ကို ဟုတ်သယောင် ဆုံးဖြတ်သော ဆုံးဖြတ်ချက်များမှာ သက်ဆိုးရှည်တော့မည် မဟုတ်သည်ကို သတိထားကြောင်း၊ အရည်အချင်းပြည့်မီစွာဖြင့် တာဝန်ကျေပွန်သူ၊ ဥပဒေနှင့်အညီ တရားမျှတစွာ အမှုစီရင်နိုင်သူ၊ အမည်ကောင်းသတင်းကျော်ကြားသူများကို လုပ်သက်မကြည့်ဘဲ ရာထူးတိုးပေးခြင်း၊ ပညာသင်စေလွှတ်ခြင်း၊ ချီးကျူးဂုဏ်ပြုခြင်းများဖြင့် ကောင်းသောစိတ်များကို အတုယူအားကျစေသင့်ကြောင်းနှင့် တိုင်ကြားစာအပါအဝင် လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူအပြစ်ပေးရန်နှင့် တာဝန်မကျေသူများကို အလုပ်မှရပ်စဲသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

ထို့အတူ လူ့အဖွဲ့အစည်းကို တုန်လှုပ်ချောက်ချားစေသော အမှုကြီးများနှင့် အများပြည်သူ စိတ်ဝင်စားသောအမှုများကို ဂျူရီစနစ်ဖြင့် စစ်ဆေးခြင်းဖြင့် စုပေါင်းတာဝန်ယူရသဖြင့် ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်ခြင်း၊ အာဏာ၊ ငွေကြေး၊ ဆွေမျိုး၊ မိတ်ဆွေတို့၏ စွက်ဖက်မှုကင်းခြင်း၊ ဂျူရီများက အပြစ်ရှိမရှိသာဆုံးဖြတ်ပြီး ကျွမ်းကျင်သော တရားသူကြီးက ပြစ်ဒဏ်နှင့် စီရင်ချက်ကို ချမှတ်ခြင်းများ သုံးသပ်သင့်ကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့သည် အပြန်အလှန်ထိန်းကျောင်းရန် တာဝန်ရှိပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်သူ့လွှတ်တော်ကိုလည်းကောင်း၊ ပြည်သူများကိုလည်းကောင်း အထင်သေးရန် မသင့်ကြောင်းနှင့် တရားရုံးအဆင့်ဆင့်၏ ဆုံးဖြတ်ချက်သည် တရားရုံး၌ပင် ပြီးဆုံးခြင်းမဟုတ်တော့ဘဲ အမှန်တရားကို အများမြင်သာရမည်ဆိုသည့် အဆိုအမိန့်ကို မီဒီယာများကလည်း စောင့်ကြည့်နေမည်ဖြစ်သည်ကို သတိမူသင့်ကြောင်းလည်း ကော်မတီက အကြံပြုထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အစီရင်ခံစာတွင် အရေးတကြီး အလျင်စလိုဆောင်ရွက်ရမည့် ကိစ္စရှိကြောင်း၊ ယင်းတို့မှာတွေ့ရှိချက်အရ အမှုသည်များအပေါ် မောက်မာစွာ ဆက်ဆံနေဆဲဖြစ်သည့်ကိစ္စ၊ တရားစီရင်နေဆဲမှာ ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊ တရားခွင်အပြင်ထွက် ဖုန်းပြောခြင်းများ၊ ဘက်လိုက်၍ မကြာခဏရုံးချိန်းခြင်း၊ ဝရမ်းထုတ်သည့်အခါ လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလိုလုပ်ခြင်း၊ မိမိအနိုင်ပေးလိုသည့် အမှုသည်ဘက်ကို အသာပေးလုပ်ခြင်းများ ပြုလုပ်နေသည်မှာ မည်သည့်တရားခွင်၊ မည်သည့်တရားရုံး၊ မည်သည့်မြို့နယ် ဘယ်တရားခွင်စသည်တို့ကို သေချာစွာစာရင်းပြုစု၍ ဇူလိုင် ၂၁ ရက်နောက်ဆုံးထား၍ ပေးပို့ရန်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အခုမပါတော့ ကျွန်တော်တို့က တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်အောင် ဒါကမပို့နိုင်ဘူး။ အဲဒီတော့ ပြန်လည်ပြုစုပေးပါ။ ပြန်လည်ပြုစုပေး၊ အတိအကျပြုစုပေး။ တွေ့ရှိချက်မှာပါတဲ့အချက်တွေကို မောက်မာတဲ့ကိစ္စမှာ ဘယ်အမှုတွေ ဘယ်အမှုတွေ၊ ဘယ်မြို့နယ်တွေ။ နောက်ဝရမ်းကို အတည်မပြုဘဲနဲ့ သမ္မန်စာချတာ၊ အတည်မပြုဘဲနဲ့ အချိန်များစွာချိန်းရင် ဘယ်အမှုတွေလဲ၊ ဘယ်ဟာတွေလဲ၊ ဘယ်မြို့နယ်လဲ။ သေချာလေးပြုစုပေးပါ။ ပြန်လည်ပြုစုပြီးတော့ ကျွန်တော့်ဆီတင်ပြပေးပါ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီကို ကျွန်တော်တိတိကျကျပို့ပါမယ်။ ဒီလိုဆောင်ရွက်နိုင်မှ တရားစီရင်ရေးမဏ္ဍိုင် တတ်နိုင်သမျှ တည့်မတ်မှာ။ ဒီလိုယေဘုယျ ဟိုဒင်းလုပ်လို့ကတော့။ ကျွန်တော်တို့ ယေဘုယျဒီလိုနောက်ဆက်တွဲလည်းမပါဘဲနဲ့ ပြောလို့ကတော့ သနားတယ်လို့ပဲ ဟိုကဆိုလိမ့်မယ်။ တိတိကျကျလုပ်ပေးပါ” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

Writer:
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

Most Read

Most Recent