ဖမ်းဆီးခံထားရသည့် မြန်မာအလွတ်တန်း ဓာတ်ပုံသတင်းထောက်နှစ်ဦးကိစ္စနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအား ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ဖမ်းဆီးခံထားရသည့် မြန်မာအလွတ်တန်း ဓာတ်ပုံသတင်းထောက်နှစ်ဦးကိစ္စနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအား ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 19 September 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာအလွတ်တန်း ဓာတ်ပုံသတင်းထောက်နှစ်ဦးကိစ္စနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးရန် ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဂျာမနီနိုင်ငံ ဟမ်းဘာခ့်အခြေစိုက် GEO မဂ္ဂဇင်းအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားတွင် သတင်းရယူနေစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ တရားဝင်စာပေးပို့လျက် ကောင်စစ်ရေးရာ တွေ့ဆုံမှုပြုလုပ်ခွင့်ရရှိရန်နှင့် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထ့ိုပြင် ဒါကာမြို့ရှိ မြန်မာသံရုံးသို့လည်း မြန်မာသတင်းထောက်နှစ်ဦးအတွက် ကောင်စစ်ရေးရာတွေ့ဆုံခွင့် အမြန်ဆုံးရရှိရန်နှင့် သွားရောက်တွေ့ဆုံမှု အမြန်ဆုံးပြုလုပ်လျက် လိုအပ်သည့် အကူအညီများပေးနိုင်ရေးအတွက် ညွှန်ကြားထားကြောင်းနှင့် မြန်မာသံရုံးအနေဖြင့် အဆိုပါ သတင်းထောက်နှစ်ဦးအား ကောင်စစ်ရေးရာတွေ့ဆုံမှု ပြုလုပ်နိုင်မှု အခြေအနေနှင့် ထူးခြားမှုများကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဖမ်းဆီးခံထားရသည့် မြန်မာဓာတ်ပုံသတင်းထောက် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၎င်းတို့၏ရှေ့နေနှင့် တွေ့ဆုံခွင့်မပေးခဲ့သည့်အတွက် ဓာတ်ပုံသတင်းထောက်များ ကောင်းကောင်းမွန်မွန် ရှိ မရှိကို သိရှိနိုင်ရန်အတွက် ရှေ့နေနှင့် တွေ့ဆုံခွင့်ပေးရန် သတင်းထောက်နှစ်ဦးအား အလုပ်အပ်ခဲ့သည့် GEO မဂ္ဂဇင်းနှင့် ကိုမင်းဇေယျာဦး အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ဗြိတိသျှဓာတ်ပုံအသင်း Panos Pictures တို့က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို တိုက်တွန်းကြောင်း စက်တင်ဘာ ၁၇ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့သည် စက်တင်ဘာ ၇ ရက်ကတည်းက ကော့ခ်ဘဇားမြို့တွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရသော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ထုတ်ပြန်ချက်၌မူ စက်တင်ဘာ ၁၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြမှုအပေါ်လည်း စိုးရိမ်ကြောင်း၊ ဓာတ်ပုံသတင်းထောက်နှစ်ဦး အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဘက်က ဖုံးကွယ်လိုသည့် သဘောဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၂၅ ရက်က အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂါလီများနှင့် ပတ်သက်၍ ဓာတ်ပုံသတင်းသွားရောက်ရယူစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ရာ၌ ဂျာနယ်လစ်ဗီဇာအစား တိုးရစ်ဗီဇာကိုအသုံးပြုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က စွပ်စွဲကာ ၎င်းတို့နှစ်ဦးအား သူလျှိုမှုဖြင့် စွဲချက်တင်ထားပြီး အာမခံလျှောက်ထားမှုကိုလည်း ဘင်္ဂလားဒေ့ရှ်တရားရုံးက ပယ်ချထားသည်။

အဆိုပါ ဓာတ်ပုံသတင်းထောက်နှစ်ဦးအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက စွပ်စွဲထားသည့် ပုဒ်မများအရ ထောင်ဒဏ်ငါးနှစ်အထိ အမြင့်ဆုံးကျခံရနိုင်ကြောင်း သိရသည်။

Most Read

Most Recent