အစိုးရဝန်ထမ်းကို ထိုးကြိတ်မှုဖြင့် ရုရှားလက်ရွေးစင်များဖြစ်သည့် ကိုကိုရင်နှင့် မာမတ်ဗ်တို့ ထောင်ဒဏ်ကျခံရဖွယ်ရှိနေ

အစိုးရဝန်ထမ်းကို ထိုးကြိတ်မှုဖြင့် ရုရှားလက်ရွေးစင်များဖြစ်သည့် ကိုကိုရင်နှင့် မာမတ်ဗ်တို့ ထောင်ဒဏ်ကျခံရဖွယ်ရှိနေ
Published 10 October 2018

ရုရှားလက်ရွေးစင်များဖြစ်သည့် ဇင်းနစ်အသင်းတိုက်စစ်ကစားသမား ကိုကိုရင်နှင့် ခရက်စ်နိုဒါအသင်းကွင်းလယ်လူ မာမတ်ဗ်တို့သည် အစိုးရဝန်ထမ်းကို ထိုးကြိတ်မှုဖြင့် ထောင်ဒဏ် (၅) နှစ်အထိချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရုရှားအစိုးရက စိတ်မချမ်းသာစရာကောင်းသည့် အဖြစ်အပျက်ဟုပြောဆိုထားပြီး ယင်းအမှုကို စုံးစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

CCTV မှတ်တမ်းများအရ ကိုကိုရင်နှင့် မာမတ်ဗ်တို့သည် ပြီးခဲ့သည့် တနင်္လာနေ့က မော်စကိုမြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် ရုရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်း (၂)ဦးကို ထိုးကြိတ်ခဲ့ကြခြင်းဖြစ်သည်။ 

ယင်းမှတ်တမ်းတွင် ကိုကိုရင်သည် ဒင်းနစ်ပတ်ခ်ဆိုသည့် အစိုးရဝန်ထမ်းအား အစားအသောက်သုံးဆောင်နေစဉ် ခုံဖြင့်ရိုက်ခဲ့သည့်အပြင် လူမျိုးရေးခွဲခြားသည့် စကားလုံးများသုံးကာ ဆဲဆိုခဲ့ကြောင်းလည်းသိရသည်။

ဒင်းနစ်ပတ်ခ်သည် ကိုရီးယားမျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး ကိုကိုရင်၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ 

ထို့အပြင် ကိုကိုရင်နှင့် မာမတ်ဗ်တို့သည် ယင်းဖြစ်ရပ်မတိုင်မီ ရုပ်သံအစီအစဉ်တင်ဆက်သူ အမျိုးသမီးတစ်ဦးကိုလည်း တိုက်ခိုက်ခဲ့ရာ ယင်းအမျိုးသမီးမှာ ဆေးရုံတင်ပို့ခဲ့ရပြီး သူမ၏ မာစီးဒီးစ်ကားမှာလည်း ပျက်စီးခဲ့ကြောင်းသိရသည်။

ကိုကိုရင်နှင့် မာမတ်ဗ်တို့သည် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုကို ရုရှားပရီးမီးယားလိဂ်အဖွဲ့ချုပ်က ရှုတ်ချကြောင်းနှင့်ကစားသမားများကို ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကိုကိုရင်နှင့် မာမတ်ဗ်တို့သည် ပြီးခဲ့သည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ရုရှားအသင်းအတွက် ပါဝင်ကစားခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

အသက် (၂၇) နှစ်အရွယ်ရှိ ကိုကိုရင်သည် ရုရှားလက်ရွေးစင်အသင်းအတွက် (၄၈)ပွဲပါဝင်ကစားထားပြီး (၁၂) ဂိုးသွင်းယူပေးထားသူဖြစ်သည်။

ယခုဖြစ်ရပ်ကြောင့် ကိုကိုရင်နှင့် မာမတ်ဗ်တို့ကို ၄င်းတို့၏ မိခင်ကလပ်အသင်းများက စာချုပ်ဖျက်သိမ်းရန်ပါ စီစဉ်နေကြကြောင်း သိရှိရသည်။

Most Read

Most Recent