မကြာတော့သည့်အချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်း ရယူနိုင်လိမ့်မည်ဟု အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင် သုံးသပ်

မကြာတော့သည့်အချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်း ရယူနိုင်လိမ့်မည်ဟု အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင် သုံးသပ်
Published 9 October 2018

 

အင်္ဂလန်အသင်းနည်းပြဟောင်းဖြစ်သူ အဲရစ်ဆင်က လီဗာပူးလ်အသင်းသည် မကြာတော့သည့်အချိန်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ် ပွဲစဉ် (၈) အပြီးတွင် မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့နှင့် ရမှတ် (၂၀) စီရရှိထားပြီး ဂိုးကွာခြားချက်လျော့နည်းမှုကြောင့် အဆင့် (၃)နေရာတွင် ရပ်တည်လျက်ရှိသည်။

အဲရစ်ဆင်သည် အင်္ဂလန်နည်းပြအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိဆောင်ရွက်ခဲ့သူဖြစ်သလို မန်စီးတီးအသင်းကိုလည်း တစ်ရာသီကိုင်တွယ်ဖူးသူဖြစ်သည်။ 

၄င်းက '' ပရီးမီးယားလိဂ်ကတော့ ခါတိုင်းလိုပဲ စိတ်ဝင်စားစရာကောင်းပါတယ်။ လူတွေက ဒီနှစ်ဟာ လီဗာပူးလ်နှစ်လို့ ပြောနေကြပါတယ်။ ကျွန်တော်လည်း အဲဒီလိုဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ လီဗာပူးလ်ပရိသတ်ဖြစ်နေလို့ပါ။ ဒါပေမဲ့ မန်စီးတီးအသင်းက အကောင်းဆုံးဖြစ်နေဆဲလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်ရဲ့ စွမ်းဆောင်မှုကို ကျွန်တော်ကြိုက်ပါတယ်။ သူတို့ဟာ အရမ်းကြိုးစားသလို၊ တိုးတက်မှုတွေလည်း ရှိပါတယ်။ ဒီရာသီမှာ ကစားသမားသစ်တွေလည်း သူတို့ ခေါ်ယူထားပါတယ်။ ဒါကြောင့် လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ နှစ်တွေကထက် ဒီရာသီမှာ ပိုပြီးအင်အားတောင့်တင်းပါတယ်။ ဒီရာသီမဟုတ်ဘူးဆိုရင်တော့ မကြာတော့တဲ့ အချိန်အတွင်းမှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိမယ်လို့ ကျွန်တော်ထင်ပါတယ်'' ဟုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် (ယခင်အင်္ဂလန်ပထမတန်း) ချန်ပီယံဆုကို  ၁၉၈၉-၉၀ ရာသီကနောက်ဆုံးအကြိမ်ရရှိခဲ့ပြီး နှစ် (၃၀)နီးပါး ချန်ပီယံဆုနှင့် အလှမ်းဝေးနေခြင်းဖြစ်သည်။ 

ယခုရာသီတွင် လီဗာပူးလ်အသင်းသည် တာထွက်ကောင်းခဲ့သော်လည်း နောက်ဆုံး (၄)ပွဲတွင် နိုင်ပွဲလုံးဝမရခဲ့သည့်အတွက် လီဗာပူးလ်ပရိသတ်အချို့က အသင်းနည်းပြဖြစ်သူ ယာဂန်ကလော့ပ်ကို ဝေဖန်မှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Most Read

Most Recent