မော်ရင်ဟိုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် FA စီစဉ်နေ

မော်ရင်ဟိုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် FA စီစဉ်နေ
Published 9 October 2018

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် နယူးကာဆယ်နှင့် ပွဲအပြီးတွင် ကင်မရာသမားများ အား ဆဲရေးတိုင်းထွာခဲ့သည်ဆိုသော မန်ယူနည်းပြ မော်ရင်ဟို၏ အပြုအမူကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

မော်ရင်ဟိုသည် ရုပ်သံရိုက်ကူးနေသူများကို ပေါ်တူဂီဘာသာဖြင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်များတွင် ဖော်ပြခဲ့ကြသည်။

ထို့ပြင် မော်ရင်ဟိုမှာ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းမှ ထွက်ခွာရာ၌ ကွင်းဘေးစည်းတစ်လျှောက်တွင် ဆဲဆိုသွားခဲ့သည်ဟုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပရိသတ်အချို့က ရေးသားဖော်ပြခဲ့ကြသည်။

မော်ရင်ဟိုသည် ကင်မရာတစ်လုံးကိုကြည့်ကာ ပေါ်တူဂီဘာသာစကားဖြင့် ''Fodas filhos de puta''ဟု ပါးစပ်မှ ရေရွတ်သွားခဲ့ကြောင်း၊ ၎င်း၏အဓိပ္ပာယ်မှာ အင်္ဂလိပ်ဘာသာစကားဖြင့် ''F*** off son of a b****''ဖြစ်ပြီး ရိုင်းပျသော အသုံးအနှုန်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပရိသတ်များက ရေးသားခဲ့ကြသည်။

ထို့ကြောင့် FA က စုံစမ်းစစ်ဆေးသွားရန် စီစဉ်နေခြင်းဖြစ်ပြီး အမှန်တကယ်ဆဲဆိုခဲ့ ပါက ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိကြောင်း သိရှိရသည်။

မော်ရင်ဟိုသည် ယင်းပွဲမတိုင်မီ ကွင်းဘေးစည်း၌ သူ့အား အနီးကပ်ရိုက်ကူးနေသော ကင်မရာတစ်လုံးကို သူ၏ရေဘူးမှ ရေဖြင့် ပက်ဖျန်းခဲ့သည်ကိုလည်း ပရိသတ်များ တွေ့မြင်ခဲ့ရသည်။

Most Read

Most Recent