အိန္ဒိယဖိတ်ခေါ်အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် အောင်ပွဲရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဗိုတယ်ဟိုတယ်သို့ တိုက်ရိုက်သွားရောက်၍ ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နာယက ဦးအောင်ကိုဝင်းက ကျပ် သိန်း ၂၀၀၊ MFF ဥက္ကဋ္ဌနှင့် AYA Bank ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၂၀၀၊ MFF အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ကျပ်သိန်း ၁၀၀၊ ဦးထွန်းနှင့် မမို့ (Poe Poe Car Company) က ကျပ်သိန်း ၅၀ ဖြင့် စုစုပေါင်းဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၅၀ ပေးအပ်ချီးမြှင့်ခဲ့သည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က''ဒီပြိုင်ပွဲမှာ အောင်မြင်မှုရယူ ပေးခဲ့တဲ့အတွက် မြန်မာအမျိုးသမီးအသင်း အုပ်ချုပ်/နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမား တွေကို ကျေးဇူးတင်ပါတယ်။ အောင်မြင်မှုရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီ ပြိုင်ပွဲထက် အဆင့်မြင့်တဲ့ အာဆီယံအဆင့်၊ အာရှအဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ပိုကြိုးစားစေချင်ပါတယ်။ အောင်မြင်မှုရ အောင်လည်း ပံ့ပိုးမှုတွေ ပြုလုပ်သွားမှာပါ''ဟု ပြောကြားသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အဓိကနိုင်ငံတကာပြိုင်ပွဲအပါအဝင် ဖိတ်ခေါ်ပြိုင်ပွဲများ$ အောင်မြင်မှုမရသည် မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်ပြီး အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူကာ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးမှာလည်း နည်းပြသက်တမ်းတစ်နှစ်မပြည့်မီမှာပင် အောင်မြင်မှုရအောင် စွမ်း ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။