ဖျက်သိမ်းနျူကလီးယားစခန်းသို့ စစ်ဆေးသူများကို ဖိတ်ခေါ်ရန် ကင်က အသင့်ရှိနေဟု ပွန်ပီယို ပြောကြား

ဖျက်သိမ်းနျူကလီးယားစခန်းသို့ စစ်ဆေးသူများကို ဖိတ်ခေါ်ရန် ကင်က အသင့်ရှိနေဟု ပွန်ပီယို ပြောကြား
အောက်တိုဘာ ၇ ရက်တွင် ပြုံယမ်း၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ဝဲ)က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို(ယာ) ကို နှုတ်ဆက်နေစဉ် (Photo: AFP)
အောက်တိုဘာ ၇ ရက်တွင် ပြုံယမ်း၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ဝဲ)က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို(ယာ) ကို နှုတ်ဆက်နေစဉ် (Photo: AFP)
Published 8 October 2018

နိုင်ငံတကာမှ စစ်ဆေးသူများကို ဖျက်သိမ်းလိုက်သော မြောက်ကိုရီးယားန ျူကလီးယား စမ်းသပ်သည့်နေရာသို့ လာရောက် ခွင့်ပြုလိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 

စင်ကာပူ၌ ထရန့်-ကင် ထိပ်သီးဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံကြားမှ တန့်နေသည့် နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲများအား ပြန်လည်အသက်သွင်းရန် ပွန်ပီယိုသည် အောက်တိုဘာ ၇ ရက်က ကင်နှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုအတွင်း နျူကလီးယား ဖျက်သိမ်းရေးအတွက် ဦးတည်သည့် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်ဟု ပွန်ပီယိုက ဆိုခဲ့သည်။

“ဖျက်သိမ်းခဲ့တဲ့ ပန်ဂျီရီနျူကလီးယား စမ်းသပ်ရေးစခန်းကို စစ်ဆေးဖို့ သူတို့တစ်တွေကို လာရောက်ကြည့်ရှု ခွင့်ပြုဖို့ အသင့်ရှိနေတယ်လို့ ဥက္ကဋ္ဌကင်က ပြောခဲ့ပါတယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် နိုင်ငံအရှေ့မြောက်ပိုင်းတွင်ရှိသော ပန်ဂျီရီနျူကလီးယားစခန်းကို ဖျက်သိမ်းခဲ့သည်ဟု မေလက ပြောခဲ့သော်လည်း ယင်းပြောကြားချက်ကို အတည်ပြုရန် နိုင်ငံတကာမှ လေ့လာသူများအား ယခုအချိန်အထိ လာရောက် ခွင့်မပြုသေးပေ။ တရုတ်နယ်စပ်အနီးရှိ တောင်တစ်တောင်ထဲ၌ရှိသော ထိုစခန်းသည် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုခြောက်ခုစလုံးကို လုပ်ဆောင်ခဲ့သည့်နေရာဖြစ်သည်။ 

စီမံခန့်ခွဲရေးအတွက် နှစ်ဘက်အကြားတွင် သဘောတူညီချက်များရရှိပြီးပါက စစ်ဆေးသူများကို ခွင့်ပြုလိမ့်မည်ဟု ပွန်ပီယိုက ပေကျင်းသို့ မထွက်ခွာမီ ဆိုးလ်မြို့၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ အမေရိကန်ဘက်မှ လုပ်ဆောင်နိုင်ခြေရှိသည့် ဆောင်ရွက်မှုများနှင့် ပတ်သက်၍မူ ပွန်ပီယိုက မှတ်ချက်မပေးခဲ့ပေ။ 

မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးမှာ ရှည်ကြာသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်သော်လည်း သိသာထင်ရှားသော တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု ပွန်ပီယိုက ဖြည့်စွက် ပြောကြားခဲ့သည်။ ထို့ပြင် ကင်နှင့် ထရန့်တို့၏ ဒုတိယမြောက်ထိပ်သီး အစည်းအဝေးကျင်းပရန် အချိန်နှင့် နေရာသတ်မှတ်ရေးမှာ အလွန်နီးကပ်နေပြီဟုလည်း ၎င်းက ဆိုသည်။ 

စင်ကာပူ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် စစ်မှန်သော ကြိုးပမ်းမှုများအတွက် သမ္မတထရန့်ကို ကျေးဇူးတင်ကြောင်း ကင်က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA ၌ ပွန်ပီယိုခရီးစဉ်နှင့် ပတ်သက်သည့် သတင်းတွင် ဖော်ပြခဲ့သည်။ 

ပွန်ပီယို၏ တရုတ်ခရီးစဉ်

ပွန်ပီယိုသည် ၎င်း၏အာရှခရီးစဉ်အတွင်း နောက်ဆုံးဖြစ်သော တရုတ်သို့ အောက်တိုဘာ ၈ ရက်၌ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် Diaoyutai ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။ ထိုစဉ် ဝမ်ယီက အမေရိကန်သည် ကုန်သွယ်ရေးတင်းမာမှုများနှင့် ပတ်သက်ပြီး လေလုံးများ တိုးမြှင့်လာသည်ဟု ပြောခဲ့ပြီး ထိုင်ဝမ်နှင့် ပတ်သက်ပြီး အမေရိကန်လုပ်ရပ်များ အပါအဝင် အခြားဖြစ်စဉ်များစွာက တရုတ်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည်ဟုလည်း စွပ်စွဲပြောကြားခဲ့သည်။

Most Read

Most Recent