စနေနေ့က ကစားခဲ့သော မန်ယူ (၃-၂) နယူးကာဆယ်ပွဲအပြီးတွင် မန်ယူအသင်းနည်းပြ မော်ရင်ဟိုက မီဒီယာများသည် မိမိအား ရာဇဝတ်ကောင်တစ်ဦးကဲ့သို့ ပစ်မှတ်ထား၍ လိုက်လံတိုက်ခိုက်နေကြသည်ဟု စွပ်စွဲပြောကြားခဲ့သည်။ ထို့ပြင် မည်သည့်ဖြစ်ရပ်၌မဆို မိမိတွင် အပြစ်ရှိသည်ဟု သတ်မှတ်နေကြကြောင်းလည်း မော်ရင်ဟိုက ပြောကြားခဲ့သည်။
"ဒီမနက်မှာပဲ ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ လန်ဒန်မြို့မှာ မိုးတွေရွာရင်လည်း ကျွန်တော့်ရဲ့အမှား ကြောင့်ပါပဲ။ Brexit (ဥရောပသမဂ္ဂမှ ဗြိတိိန်နုတ်ထွက်ခြင်း) ကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကလည်း ကျွန်တော့်ရဲ့အမှားကြောင့်ပါပဲ။ ဘာဖြစ်ဖြစ် ကျွန်တော့်ကိုပဲ အပြစ်ပုံချနေကြတယ်လို့ ဆိုပါတယ်။ အသင်းရဲ့အားနည်းမှုတွေအပေါ် အပြစ်တင်ဖို့ ကျွန်တော့်ကို ရာဇဝတ်ကောင် တစ်ဦးလို ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြပါတယ်။ ဘာပဲပြောပြော ဒါကလည်း ကျွန်တော့်ရဲ့ဘဝမှာ အတွေ့အကြုံသစ်တစ်ခုပါပဲ"ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရာဇဝတ်ကောင်တစ်ဦးကဲ့သို့ စနစ်တကျလိုက်လံပစ် မှတ်ထားတိုက်ခိုက်ခံရခြင်းကို မိမိအနေဖြင့် ရင်ဆိုင်ကျော်ဖြတ်နိုင်ကြောင်း၊ သို့သော် မိမိ၏ကစားသမားများမှာမူ အတွေ့အကြုံနည်း၍ အခက်အခဲများကို ရင်ဆိုင်ရကြောင်း မော်ရင်ဟိုက ပြောကြားသည်။ "ကျွန်တော့်အသက် (၅၅)နှစ်ရှိပါပြီ။ ကျွန်တော်က ရင့်ကျက်နေပြီဖြစ်လို့ ဒါကို မမှုပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကစားသမားတချို့ကတော့ ဒါမျိုးနဲ့ အသားမကျလို့ သူတို့အတွက် တုန်လှုပ်စရာ ဖြစ်ကောင်းဖြစ်နေပါလိမ့် မယ်။ ရပ်ရှ်ဖို့ဒ်ဟာ ကွင်းထဲမှာ ဝမ်းနည်းနေတာကို ကျွန်တော် တွေ့ခဲ့ရပြီး တွမ်မီနေးကလည်း ကြောက်ရွံ့သလိုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်"ဟု မော်ရင်ဟိုက ဆက်လက်ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် နယူးကာဆယ်အား အနိုင်ရသောပွဲအပြီးတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းမှ ထွက်ခွာရာ၌ ကွင်းဘေးစည်းတစ် လျှောက်တွင် ဆဲဆိုသွားခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပရိသတ်အချို့က ရေးသားဖော်ပြခဲ့ကြသည်။ မော်ရင်ဟိုသည် ကင်မရာတစ်လုံးကိုကြည့်ကာ ပေါ်တူဂီဘာသာစကားဖြင့် "Fodas filhos de puta"ဟု ပါးစပ်မှ ရေရွတ်သွားခဲ့ကြောင်း၊ ၎င်း၏အဓိပ္ပာယ်မှာ အင်္ဂလိပ်ဘာသာစကားဖြင့် "F***off sons of a b****" ဖြစ်ပြီး ရိုင်းပျသော အသုံးအနှုန်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပရိသတ်များက ရေးသားခဲ့ကြသည်။ မော်ရင်ဟိုသည် ယင်းပွဲမတိုင်မီ ကွင်းဘေးစည်း၌ သူ့အား အနီးကပ်ရိုက်ကူးနေသော ကင်မရာတစ်လုံးကို သူ၏ရေဘူးမှ ရေဖြင့် ပက်ဖျန်းခဲ့သည်ကိုလည်း ပရိသတ်များ တွေ့မြင်ခဲ့ရသည်။