မြန်မာ့ကြက်တောင်အားကစားလောကအတွက် ဝေးကွာနေသည့်အောင်မြင်မှုကို ချန်ပီယံဆုဖြင့် အဆုံးသတ်ပေးခဲ့သူ သက်ထားသူဇာ

မြန်မာ့ကြက်တောင်အားကစားလောကအတွက် ဝေးကွာနေသည့်အောင်မြင်မှုကို ချန်ပီယံဆုဖြင့် အဆုံးသတ်ပေးခဲ့သူ သက်ထားသူဇာ
ဓာတ်ပုံ - ညီညီစိုးညွန့်
ဓာတ်ပုံ - ညီညီစိုးညွန့်
Published 1 January 2019

ကမ္ဘာ့အဆင့်ရှိသည့် မလေးရှား၊ အင်ဒိုနီးရှားတို့အပြင် ထိုင်းကစားသမားများ လွှမ်းမိုးထားသည့် အာဆီယံ ကြက်တောင်လောကတွင် မြန်မာကစားသမားတစ်ဦးအနေဖြင့် အောင်မြင်မှုရရန်မှာ ခက်ခဲသည့် အခြေအနေဖြစ်သည်။ သို့သော် ၂၀၁၈ ခုနှစ်မှာ မြန်မာ့ကြက်တောင် အားကစားလောကအတွက် ကျေနပ်စရာကောင်းသည့် နှစ်ဖြစ်ခဲ့သလို အောင်မြင်မှုနိဒါန်းအစဟု သတ်မှတ်ရမည် ဖြစ်သည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အောက်တိုဘာတွင် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် Egypt International Series 2018 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိပြီး နိုင်ငံတကာအဆင့်ပြိုင်ပွဲ၌ အောင်မြင်မှု ရယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် သက်ထားသူဇာကို မြန်မာအားကစား ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်သည် ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လာသလို အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့် လူငယ်ကြက်တောင်ပြိုင်ပွဲများကိုလည်း ရန်ကုန်နှင့် မန္တလေးမြို့၌ ကျင်းပခဲ့သည်။ နိုင်ငံတကာပြိုင်ပွဲများ စဉ်ဆက်မပြတ် ယှဉ်ပြိုင်ခြင်း၏ အကျိုးရလဒ်အဖြစ် အောင်မြင်မှုများ ရယူလာနိုင်ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အောက်တိုဘာတွင် ကျင်းပသည့် Egypt International Series 2018 ပြိုင်ပွဲ၌ ချန်ပီယံဆုနှင့် နိုဝင်ဘာတွင် ကျင်းပသည့် Nepal International Series 2018 ပြိုင်ပွဲ၌ ဒုတိယဆုရခဲ့သည်။ သို့သော် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ခြင်းနှင့် ခရီးများဆက်တိုက်သွားရခြင်းတို့ကြောင့် သက်ထားသူဇာသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် ခါးဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။ အာဆီယံ တက္ကသိုလ်ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲ အပြင် နှစ်ယောက်တွဲပြိုင်ပွဲပါ ယှဉ်ပြိုင်ခဲ့သောကြောင့် တစ်ရက်တည်းနှစ်ပွဲ၊ သုံးပွဲအထိ ယှဉ်ပြိုင်ကစားရာ ပွဲပန်းမှုဒဏ်ခံစားရသည်။ တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မလေးရှားကစားသမားနှင့် ယှဉ်ပြိုင်နေစဉ် ခါးဒဏ်ရာမှာ ပြန်လည်နာကျင်လာသောကြောင့် ဆက်လက်မယှဉ်ပြိုင်နိုင်ဘဲပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

ငယ်စဉ်ကတည်းက ကြက်တောင်အားကစားမယ်အဖြစ် ဘဝကိုနှစ်မြှုပ်ခဲ့သူ သက်ထားသူဇာသည် အနာဂတ် မြန်မာ့အားကစား လောကအတွက် အားထားရမည့်သူအဖြစ် သတ်မှတ်ခံထားရသည်။ လက်စွမ်းပိုင်း ပိုမိုတိုးတက်အောင် ကြိုးစားနိုင်ပါက ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲအပါအဝင် ကမ္ဘာ့အဆင့် ပြိုင်ပွဲများ၌ပါ အောင်မြင်မှု ရယူနိုင်မည့် အလားအလာရှိသူဖြစ်သည်။

 

Most Read

Most Recent