မန်စီးတီးကွင်းလယ်လူ စတာလင်ကို လူမျိုးရေးခွဲခြားခဲ့သည့် ပရိသတ် (၄)ဦးအား ချယ်လ်ဆီးအသင်း ပွဲကြည့်ရှုခွင့် ပိတ်ပင်ထား

မန်စီးတီးကွင်းလယ်လူ စတာလင်ကို လူမျိုးရေးခွဲခြားခဲ့သည့် ပရိသတ် (၄)ဦးအား ချယ်လ်ဆီးအသင်း ပွဲကြည့်ရှုခွင့် ပိတ်ပင်ထား
Photo : BPI, AFP
Photo : BPI, AFP
Published 11 December 2018

ချယ်လ်ဆီးအသင်းသည် မန်စီးတီး ကွင်းလယ်ကစားသမား စတာလင်ကို လူမျိုး ရေးခွဲခြားခဲ့မှုနှင့်ပတ်သက်၍ ပရိသတ်(၄)ဦး ကို ပွဲကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း သိရှိ ရသည်။

စတာလင်သည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့သည့် ချယ်လ်ဆီး-မန်စီးတီးပွဲတွင် ချယ်လ်ဆီးပရိသတ်အချို့၏ လူမျိုးရေးခွဲခြားလှောင်ပြောင်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကို စတာလင်ကိုယ်တိုင်က ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့သလို၊ အင်္ဂလန်ဘောလုံးလောကမှ ထင်ရှားသူအများအပြားကလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းအနေဖြင့် ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်ခဲ့ရခြင်းလည်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် စတာလင်ကို လူမျိုးရေးခွဲ ခြားခဲ့သည်ဟု သံသယရှိသူများအနက် (၄)ဦးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ပွဲကြည့်ရှုခွင့်မပြုရန် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ရုပ်သံမှတ်တမ်းများအရ အဆိုပါ ပရိတ်သတ်(၄)ဦးသည် စတာလင်ကို အော်ဟစ်နေကြောင်း တွေ့ရှိရသည့်အတွက် ချယ်လ်ဆီးအသင်းက ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ ခြင်းလည်းဖြစ်သည်။ 

''စတာလင်ကို စော်ကား ခဲ့တယ်လို့ သံသယဖြစ်စရာကောင်းတဲ့ ပရိ သတ်(၄)ဦးကို ဒီဖြစ်ရပ်အတွက် စုံစမ်းစစ် ဆေးနေစဉ်အတွင်း ပွဲကြည့်ရှုခွင့် ပိတ်ပင် လိုက်ပါတယ်။ ရဲတပ်ဖွဲ့ကို အပြည့်အဝကူညီ ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ''ဟု ချယ်လ်ဆီးအသင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စတာလင်ကို လူမျိုးရေးခွဲခြားခဲ့သည့်ပရိသတ်အား သက်သေလုံလောက်ပါက ရာသက်ပန် ပွဲကြည့်ရှုခွင့် ပိတ်ပင်သွားမည်ဟု မန်စီးတီးအသင်းအား ချယ်လ်ဆီးအသင်းမှ ကတိပေးထားကြောင်းလည်း သိရသည်။

Most Read

Most Recent