မြန်မာရုပ်သံ ဇာတ်လမ်းတွဲများ ပရိသတ်စိတ်ဝင်စားမှု များလာပြီးနောက် အသစ်ထပ်မံ ရိုက်ကူးမှုလည်း ပိုမိုများပြားလာ

မြန်မာရုပ်သံ ဇာတ်လမ်းတွဲများ ပရိသတ်စိတ်ဝင်စားမှု များလာပြီးနောက် အသစ်ထပ်မံ ရိုက်ကူးမှုလည်း ပိုမိုများပြားလာ
Published 3 December 2018

ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသလျက်ရှိသည့် မြန်မာရုပ်သံ ဇာတ်လမ်းတွဲများအား ပရိသတ်စိတ်ဝင်စားမှု များပြားလာသည်နှင့်အမျှ အသစ်ထပ်မံ ရိုက်ကူးမှုများလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ ယင်းသို့ရိုက်ကူးရာတွင် ထင်ရှားအောင်မြင်ခဲ့သည့် ဝတ္ထုများအား ပြန်လည်ဖန်တီးမှုများ ရှိသည့်အပြင် ကိုယ်ပိုင်ဇာတ်လမ်းသစ် ရေးသားကာ ရိုက်ကူးမှုများလည်း ရှိကြောင်း သိရသည်။

“မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ်တွေက တော်တော်လေး အားပေးလာကြတယ်။ ဒါကကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုပါ။ ဇာတ်လမ်းတွဲ ဖြစ်တဲ့အတွက် အချိန်ယူဖန်တီးကြတယ်။ မျက်နှာသစ် အနုပညာရှင်တွေ အတွက်လည်း အခွင့်အရေး ရနိုင်တဲ့နေရာတစ်ခု ဖြစ်လာသလို ရုပ်ရှင်စျေးကွက်အပြင် နောက်ထပ်စျေးကွက်သစ်တစ်ခု ဖြစ်လာတာကြောင့် အနုပညာရှင်တွေအတွက် ပိုပြီးကောင်းလာပါတယ်။ ပရိသတ်တွေ အတွက်လည်း အနုပညာ ခံစားမှုရသတွေ ပိုပြီးရမယ်လို့ ထင်ပါတယ်။ မြန်မာဇာတ်လမ်းတွဲသစ်တွေ အများကြီး ထပ်ရိုက်နေကြသလို တကယ့်ကို အရည်အသွေး ကောင်းကောင်းနဲ့ ဖန်တီးနေကြတာဆိုတော့ အခုထက်ပိုပြီး အရည်အသွေး ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတွေ ထွက်ပေါ်လာမယ်လို့လည်း ယုံကြည်ပါတယ်” ဟု သရုပ်ဆောင် ကျော်ကျော်ဗိုလ်က ဆိုသည်။

မြန်မာရုပ်သံ ဇာတ်လမ်းတွဲများအား ရုပ်သံလိုင်း အသီးသီးမှ ထုတ်လွှင့်တင်ဆက်နေခြင်းဖြစ်ကာ ယခင်က မျက်နှာသစ် အနုပညာရှင်များဖြင့်သာ ရိုက်ကူးလေ့ ရှိသော်လည်း ယခုနောက်ပိုင်းတွင် ၀ါရင့်အနုပညာရှင်များပါ ပါဝင်ရိုက်ကူး လာကြပြီး ဇာတ်လမ်းအရည်အသွေး၊ အသေးစိတ် ဖန်တီးမှုများကြောင့် ပရိသတ် စိတ်ဝင်စားမှုလည်း သိသာစွာ မြင့်တက်လာခဲ့သည်။ လတ်တလောတွင် ရုပ်သံဇာတ်လမ်းတွဲသစ်များ ရိုက်ကူးလျက်ရှိသည်။

Most Read

Most Recent