မိမိတို့၏ ရည်မှန်းချက်မှာ ချန်ပီယံလိဂ်အုပ်စုတက်ရေးဖြစ်သည်ဟု မီလ်နာ ပြောကြား

မိမိတို့၏ ရည်မှန်းချက်မှာ ချန်ပီယံလိဂ်အုပ်စုတက်ရေးဖြစ်သည်ဟု မီလ်နာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 30 November 2018

 

လီဗာပူးလ်အသင်းဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက ၎င်းတို့အသင်း၏ ရည်မှန်းချက်မှာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ တက်ရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် PSG အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် နာပိုလီအသင်းကို မဖြစ်မနေအနိုင်ကစားရမည် ဖြစ်သည်။ 

လက်ရှိချန်ပီယံလိဂ် အုပ်စု(C)တွင် နာပိုလီအသင်းက (၉)မှတ်၊ PSG အသင်းက (၈)မှတ်၊ လီဗာပူးလ်အသင်းက (၆)မှတ် ရရှိထားပြီး ဇဗက်ဒါအသင်းက (၄)မှတ် ရရှိထားသည်။

မီလ်နာ လီဗာပူးလ်အသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် နာပိုလီအသင်းကို အနိုင်ကစားပြီး ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်ရန်သာ အာရုံစိုက်ထားကြောင်းနှင့် ယူရိုပါလိဂ်သို့ဆင်းကစားရန် တွေးပင်မတွေးထားကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မီလ်နာက "ယူရိုပါလိဂ်မှာ ဆင်းကစားဖို့ တွေးတောင် မတွေးထားပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အုပ်စုအဆင့်ကနေ တက်ဖို့ပါ။ အဲဒီလို တက်နိုင်အောင်လည်း နာပိုလီနဲ့ပွဲမှာ ကျွန်တော်တို့အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ဖြစ်မလာခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ မထိုက်တန်ဘူးလို့ပဲ မှတ်ယူရမှာပါ။ လောလောဆယ်မှာတော့ နာပိုလီနဲ့ပွဲကို ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နာပိုလီအသင်းကို အိမ်ကွင်း အန်ဖီးလ်တွင် လက်ခံကစားရမည်ဖြစ်ပြီး (၁-၀)၊ (၃-၁) ရလဒ်များဖြင့် အနိုင်ရမည်ဆိုပါက PSG အသင်း၏ ရလဒ်ကို ကြည့်စရာမလိုဘဲ နောက်တစ်ဆင့်တက်ရောက်နိုင်မည် ဖြစ်သည်။

Most Read

Most Recent