ဥရောပစူပါလိဂ်ကျင်းပမည့်အစီအစဉ်၊ FFP စည်းမျဉ်းတွင် အင်ဖန်တီနိုပါဝင်မှုများကို ဂျာမန်မဂ္ဂဇင်းဖွင့်ချ

ဥရောပစူပါလိဂ်ကျင်းပမည့်အစီအစဉ်၊ FFP စည်းမျဉ်းတွင် အင်ဖန်တီနိုပါဝင်မှုများကို ဂျာမန်မဂ္ဂဇင်းဖွင့်ချ
Photo: AFP
Photo: AFP
Published 3 November 2018

 

ဂျာမနီအခြေစိုက် Der Spiegel မဂ္ဂဇင်းသည် ဥရောပထိပ်တန်းကလပ်များ သီးသန့်ကျင်းပမည့် ဥရောပစူပါလိဂ်ပြိုင်ပွဲအတွက် လျှို့ဝှက်ဆွေးနွေးမှု၊ PSG နှင့် မန်စီးတီးအသင်းတို့ ဘဏ္ဍာရေးစည်းမျဉ်း (FFP) အရ အရေးယူခံရမှုသက်သာစေရန် လက်ရှိကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ကြားဝင်ဆောင်ရွက်ပေးမှုစသည့် အချက်အလက်များအား နိုဝင်ဘာ (၂) ရက်တွင် ဖွင့်ချခဲ့ကြောင်း သိရသည်။

Der Spiegel မဂ္ဂဇင်းသည် ဥရောပ စုံစမ်းဖော်ထုတ်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့(EIC) အဖွဲ့ဝင် ဂျာနယ်လစ် (၈၀) ၏ ရှစ်လကြာ အချိန်ယူစုံစမ်းဖော်ထုတ်မှုကို တစ်ဆင့်ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ EIC သည် ရှစ်လ အတွင်း အချက်အလက်စုစုပေါင်း သန်း (၇၀) ကျော်ကို ရှာဖွေစုံစမ်းပြီးနောက် ဥရောပ ထိပ်တန်းကလပ်များ၏ လျှို့ဝှက်ချက်များအား ဖွင့်ချခဲ့ခြင်းဖြစ်သည်။ 

Der Spiegel မဂ္ဂဇင်း၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ မန်ယူစသည့် (၇)သင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ထောက်ခံမှုဖြင့် ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပရန် လျှို့ဝှက်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး ၄င်းတို့၏ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်နှင့် လိဂ်ပြိုင်ပွဲများမှ နုတ်ထွက်မည့် အစီအစဉ် လည်းပါဝင်ကြောင်း သိရသည်။ 

၄င်းတို့ (၇)သင်းအပြင် ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီးနှင့် PSG အသင်း စုစုပေါင်း (၁၁) သင်းအား ပြိုင်ပွဲတည်ထောင်သူ "Founders" အဖြစ် သတ်မှတ်၍ ဧည့်သည်ကလပ်ငါးသင်းကို ထပ်မံဖိတ်ကြားကာ ၁၆ သင်းပြိုင်ပွဲအဖြစ် ကျင်းပရန် စီစဉ်ထားသည်။ 

Founders များ အား အဖွဲ့ဝင်အဖြစ် နှစ် (၂၀) ကြာ သတ်မှတ်ပေးမည်ဖြစ်ပြီး ၄င်းတို့မှာ တန်းဆင်းရန်မလိုအပ်ကြောင်း သိရသည်။ 

ကနဦးဖိတ်ကြားရန် စီစဉ်ထားသည့် ငါးသင်းကိုလည်း Der Spiegel မဂ္ဂဇင်းက ဆက်လက်ဖော်ပြခဲ့ပြီး အက်သလက်တီကို၊ ဒေါ့မွန်၊ အင်တာမီလန်၊ မာဆေးလ်နှင့် ဒေါ့မွန်အသင်းတို့ဖြစ်သည်။ 

ထို့ပြင် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုသည် UEFA အထွေထွေအတွင်းရေးမှူးရာထူးရယူထားစဉ် PSG နှင့် မန်စီးတီးအသင်းတို့ FFP စည်းမျဉ်းအရ ပြစ်ဒဏ်ချခံရမှုသက်သာစေရန် ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း Der Spiegel က ဖော်ပြသည်။ 

ယင်းနှစ်သင်းကို ပိုင်ဆိုင်သည့် ကာတာနှင့် အဘူဒါဘီသူဌေးများသည် ပြီးခဲ့သည့် (၇)နှစ်အတွင်း အသင်း၏ဝင်ငွေတိုးတက်လာစေရန် စပွန်ဆာရရှိ သည့်ပုံစံဖြင့် ယူရို (၄.၅) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။ 

UEFA သည် ၂၀၁၄ ခုနှစ် မေတွင် FFP စည်းမျဉ်းချိုးဖောက်မှုဖြင့် ယင်းနှစ်သင်းအား ယူရိုသန်း (၆၀) စီ ဒဏ်ကြေးချမှတ်ခဲ့သော်လည်း သန်း (၂၀) သာ လက်ငင်းပေးချေရပြီး ကျန်သန်း (၄၀) ကို ဆိုင်းငံ့အဖြစ်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent