ဒေါ်လာဈေး၊ ရွှေဈေးကစားနေသူတွေရဲ့ အဝန်းအဝိုင်းမှာ လှုပ်ခတ်နေတဲ့ အသံတစ်ခု ကြားနေရပါတယ်။ အဲဒီကြားနေရတဲ့ အသံကတော့ ဒေါ်လာနဲ့ ရွှေကို နှစ်ကုန်အထိ ဈေးကစားသွားဖို့နဲ့ ကျပ် ၂၀၀၀ အထိ ဆွဲ ပြီး တင်သွားဖို့ဆိုတဲ့အသံပါ။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒေါ်လာဈေး၊ ရွှေဈေးကစားနေသူတွေကို အရေးယူမယ်ဆိုတာမျိုး လှုပ်ရှားပြလာတာနဲ့ ချက်ခြင်းဒေါ်လာဈေးကျတဲ့ အခြေအနေမျိုးကို အရင်အစိုးရလုပ်ခဲ့တဲ့ အကွက်ကြီးမို့လို့ မလုပ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ လွှတ်ပေးထားတဲ့ ပုံစံကြောင့်မို့လို့လည်း တစ်ဒေါ်လာ ကျပ် ၁၆၅၀ အထိကို ထိုးတက်သွားခဲ့ပြီဖြစ်တဲ့ ဒေါ်လာဈေးဟာ ကျပ် ၂၀၀၀ အထိ ဆွဲတင်ကြမယ်၊ ဈေးကစားကြမယ်ဆိုရင်လည်း ဖြစ်လာတော့မယ့် အခြေအနေပါ။
ဒေါ်လာဈေး စပြီးတက်ကတည်းက ဈေးကစားမှုတွေ ရှိနေပါတယ်လို့ မီဒီယာတွေက ဝေဖန်ထောက်ပြခဲ့ပေမဲ့ အစိုးရဘက်က ဒါဟာဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားဆိုတဲ့အခြေအနေမျိုးနဲ့ ရပ်ကြည့်နေခဲ့တာမို့လို့ ဈေးကစားသူတွေအတွက် အခွင့်အရေးကြီးကြီးရခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆိုးသထက်ဆိုးခဲ့သလို သုံးလအတွင်းမှာ ရာခိုင်နှုန်း ၂၀ ကျော် ကျဆင်းခဲ့ပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုဟာ ငါးနှစ်အတွင်းမှာ ရာခိုင်နှုန်း ၂၀ ကျော်လောက်ပဲ ကျဆင်းတာမျိုးက ပြဿနာမဟုတ်ပေမဲ့ သုံးလအတွင်းမှာ ရာခိုင်နှုန်း ၂၀ ကျော် ကျဆင်းတာကတော့ အန္တရာယ်ကြီးတဲ့ တန်ဖိုးကျ ဆင်းမှုမျိုးပါ။
ဒီလိုအခြေအနေကို ဘာကြောင့် အစိုးရက ထိုင်ကြည့်နေလဲဆိုတာနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတာဝန်ရှိသူတွေက ကျပ်ငွေတန်ဖိုး စံချိန်တင်ကျပြီးရင်းကျနေတဲ့ အခြေအနေ မှန်ကိုရောသိကြရဲ့လားဆိုတာ စဉ်းစားစရာအခြေအနေပါ။ တစ်ဖက်မှာ ဒေါ်လာဝယ်ယူနေတဲ့ ကျပ်ငွေတွေဟာ တရားဝင်ငွေ၊ ငွေမည်း၊ ဘယ်လိုနေရာကရတဲ့ငွေဆိုတာကို စိစစ်နေပြီး သင့်လျော်တဲ့အရေးယူမှု ရှိလာမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလာပေမဲ့ လက်ရှိအချိန်အထိတော့ ကျပ် ၁၆၀၀ အထက်မှာ ရှိနေဆဲဖြစ်ပါတယ်။
တကယ်တော့ ဒေါ်လာဈေးနဲ့ ရွှေဈေး ကိုချိတ်ဆက်ပြီး ဈေးကစားနေတာတွေက ဝေးဝေးလံလံ မဟုတ်ပါဘူး။ ရွှေဘုံသာလမ်းနဲ့ အနီးတစ်ဝိုက်မှာပါ။ ရန်ကုန်စတော့အိတ်ချိန်းဘေးမှာ ဒေါ်လာဈေးကို ဆွဲတင်ပြီး ဖုန်း တစ်လုံးနဲ့ အရောင်းအဝယ်ဈေးသတ်မှတ်နေသူတွေ အမြဲတမ်းတွေ့နေရမှာဖြစ်သလို ဒီလိုဈေးကွက်မျိုးကို ဘာကြောင့်အလှကြည့်နေလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒေါ်လာဈေးတက်မှ ပို့ကုန်တက်မယ်ဆိုတဲ့ အယူအဆမျိုးနဲ့ ဒေါ်လာဈေးကို အစိုးရက တမင်ဆွဲတင်နေသလားဆိုတဲ့ အယူအဆမျိုး အသံတွေထွက်လာမှုတွေမှာလည်း အစိုးရဘက်က တုံ့ပြန်မှုမမြင်ရပါဘူး။
တစ်ဖက်မှာဆိုရင်လည်း ဘဏ္ဍာနှစ်ကိုးနှစ်အတွင်း စံချိန်တင်ဖြစ်လာခဲ့တဲ့ ဘတ်ဂျက်လိုငွေတွေနဲ့ ဖြစ်လာဦးမယ့် ငွေဖောင်းပွမှုအကျိုးဆက်ကလည်း ရှိလာနေပါပြီ။ ဒီလို ငွေဖောင်းပွမှုကို သက်သေပြနေတဲ့အခြေ အနေကလည်း ပိုဆိုးလာတာမြင်ရပြီး ၂၀၁၈ ခုနှစ် သြဂုတ်လရဲ့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းဟာ ငါးလဆက်တိုက် မြင့်တက်ခဲ့တာကြောင့် ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလို မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုနှုန်းနောက်မှာ ဆေးဝါးဈေးကွက် အရောင်းရပ်တာ၊ စက်သုံးဆီဈေးတွေ ထက်ဝက်လောက်မြင့်တက်လာတာကြောင့် ပြည်သူလူထုကြားမှာ ငွေကြေးကျပ်တည်းမှု စတင်လာတာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ဈေးတက်လာတာ၊ ပြည်ပက ကုန်ကြမ်းတင်သွင်းရတဲ့ အခြေအနေမျိုးတွေကြောင့် ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းတွေ အရှုံးပေါ်နေပြီး လူသစ်ထပ်မခန့်နိုင်တဲ့အပြင် ရှိနှင့်ပြီးသား အလုပ်သမားတွေကိုတောင် အလုပ်က ခေတ္တ ဆိုင်းငံ့လိုက်ရတာဆိုတဲ့ အခြေအနေမျိုးတောင် ဖြစ်နေပါပြီ။ ဒီလိုဖြစ်လာနေတဲ့ အခြေအနေမျိုးမှာ ဗိုလ်ချုပ်ပုံငွေစက္ကူသစ်တွေကလည်း ထပ်ရိုက်လာနိုင်လို့ ငွေဖောင်းပွမှုတွေ၊ ပြည်သူ့ကျပ်တည်းမှုတွေနဲ့ မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းမှုဟာ ရပ်ကြည့်နေတဲ့အစိုးရကြောင့် ပိုပိုပြီးဆိုးရွားစွာ မြင့်တက်လာမယ့်အခြေအနေပါ။
■ ကျပ် ၂၀၀၀ အထိ ဒေါ်လာဈေးဖြစ်လာမလား
၂၀၁၈ သြဂုတ် ၂၇ ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲနေ့မှာ ဒေါ်လာဈေးက ကျပ် ၁၅၃၀ လောက်ပဲရှိနေတာပါ။ တစ်လမပြည့်ခင် စက်တင်ဘာ ၂၀ ရက်မှာ စံချိန်တင်ခဲ့တာက တစ်ဒေါ်လာကို ကျပ် ၁၆၅၀ ပါ။ ဒီလိုအခြေ အနေမျိုးမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုမှာ ပြည်ပက စီးပွားရေးပညာရှင်တွေ၊ NGO တွေ စတဲ့ ဖောင်ဒေးရှင်းတွေရဲ့ လုပ်ဆောင်မှုပါနေသလားလို့ ပြန်သုံးသပ်ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ်လုပ်ခဲ့တဲ့ ဒေါက်တာပွင့်ဆန်းက မေးခွန်းထုတ်လာခဲ့ပါတယ်။
တစ်ဖက်မှာ ဒေါ်လာဈေးမြင့်တက်တာ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့်ဆိုတဲ့ ပြည်ပအကျိုးဆက်ဖြစ်လာသလို ပြည်တွင်းမှာလည်း စီးပွားရေးဆိုင်ရာ ခိုင်မာမှုမရှိတဲ့ အခြေအနေကြောင့်လို့ ပြောဆိုထားချိန်မှာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့သူတစ်ယောက်ရဲ့ မေးခွန်းထုတ်မှုဟာ အံ့သြစရာဖြစ်နေပြီး ဒီလိုဒေါ်လာဈေးဆွဲတင်မှုမှာ အဓိကလက်သည်က ဘယ်သူလဲဆိုတာ အဖြေရှာရ တော့မှာပါ။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေမှုမှာ ပြည်ပက စီးပွားရေးပညာရှင်တွေ၊ NGO တွေစတဲ့ ဖောင်ဒေးရှင်းတွေရဲ့ အရေခြုံလုပ်ရပ်တွေကြောင့် ဖြစ်နေတာလား။ ဒီလို အရေခြုံထားတဲ့ အဖွဲ့အစည်းတွေက အစိုးရကို ဘယ်လိုအကြံပေးနေလို့လဲ။ သူတို့အကြံတွေကို အစိုးရက လိုက်နာနေတာလား။ ဒေါ်လာဈေးတက်လာတော့လည်း ပို့ကုန်တင်ပို့နိုင်မှုမြင့်တက်လာလို့လား။ တိုင်းပြည်စီးပွားရေးကျဆင်းမှုနဲ့ ပြည်သူ့ကျပ်တည်းမှုအပြင် ဘာများထူးခြားလာလို့လဲဆိုတာတွေက တွေးစရာဖြစ်လာပါတယ်။
ဒေါ်လာဈေးကို ဘယ်သူတွေက ဆွဲတင်နေတာလဲ။ ဘယ်သူတွေက ဈေးကစားနေတာလဲလို့ သေချာစေ့ငမယ်ဆိုရင် နိုင်ငံပိုင်ဘဏ်တွေပါ ပါနေသလားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေမျိုးပါ။ ဥပမာအား ဖြင့် မြန်မာ့စီးပွားရေးဘဏ်ဟာ ဘဏ္ဍာနှစ်ခြောက်နှစ်အတွင်း အရှုံးမပေါ်ခဲ့ခြင်းဟာ နိုင်ငံခြားငွေလဲလှယ်မှုကနေ ကျပ် ၃၉၇ ဘီ လျံကျော် ရရှိခဲ့တာကြောင့်ဖြစ်ပြီး ဒီအမြတ်တွေမရဘူးဆိုရင် ကျပ် ၂၅၁ ဘီလျံကျော် အရှုံးပေါ်မယ့် အခြေအနေပါ။ ဝန်ဆောင်မှုကနေ အဓိကအကျိုးအမြတ်ရမယ့် ဘဏ်တွေဟာ နိုင်ငံခြားငွေလဲလှယ်မှုပြောင်းလဲနှုန်းကနေ အကျိုးအမြတ်ရနေတာဟာ မဖြစ်သင့်တဲ့အခြေအနေ ဖြစ်နေပြီး ဒီလိုနိုင်ငံခြားငွေလဲလှယ်မှုအတက်အကျကနေ နှစ်စဉ်ဘီလျံချီ အမြတ်ရနေတယ်ဆိုတဲ့ အခြေအနေမျိုးဟာ တစ်ဖက်မှာ ဘဏ်တွေ၊ ကုမ္ပဏီတွေက နိုင်ငံခြားငွေလဲနှုန်းမငြိမ်သက်မှ အကျိုးအမြတ်များများရတဲ့အခြေအနေဆိုတာကိုလည်း မြင်နေရပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာဆိုရင် နိုင်ငံခြားငွေလဲနှုန်းဟာ ၁၃၅၀ ပတ်လည်မှာပဲ ငြိမ်နေခဲ့ပြီး တန်ဖိုးပြောင်းလဲမှုဆိုးရွားခဲ့တာ မရှိပါဘူး။ အဲဒီလို တည်ငြိမ်နေခဲ့တာကြောင့် ရန်ကုန်စတော့အိတ်ချိန်းက MTSH ၊ FMI ၊ FPB ၊ MCB စတဲ့ ကုမ္ပဏီတွေရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်နေတာကြောင့် အကျိုးအမြတ်ရမှု နည်းခဲ့တယ် ဆိုတာကို ထည့်သွင်းရေးသားထားတာ တွေ့ရမှာပါ။
နိုင်ငံခြားငွေလဲနှုန်းက ကျပ် ၁၆၅၀၊ ရွှေဈေးက ၁၀၄၇၇၀၀ ဆိုတဲ့ အခြေအနေမျိုးဟာ ဘယ်လိုမှ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အခြေအနေဖြစ်ပြီး ဥပမာအားဖြင့်ဆိုရင် သြဂုတ် ၁၈ ရက်မှာ ကမ္ဘာ့ရွှေဈေးက ၁၁၈၅ ဒေါ်လာပဲရှိချိန်မှာ ပြည်တွင်းရွှေဈေး ကျပ် ၉၅၁၀၀၀ လောက်ပဲရှိပြီး ဒေါ်လာဈေးနှုန်းက ၁၅၀၀ လောက်ပဲ ဖြစ်တယ်။ စက်တင်ဘာ ၂၀ မှာ ကမ္ဘာ့ရွှေဈေးက ၁၂၀၂၊ ၁၂၀၃ ဒေါ်လာလောက်မှာ ပြည်တွင်းရွှေဈေးက ၁၀၃၆၀၀၀ လောက်ဖြစ်နေတာ တွေ့ရပါတယ်။ ကမ္ဘာ့ရွှေဈေးက ၁၈ ဒေါ်လာလောက်ပဲတက်ပြီး မြန်မာကျပ်ငွေနဲ့ တွက်ရင် ၂၉၀၀၀ လောက်ပဲ ရှိပေမဲ့ ရွှေဈေးကို ကျပ် ၈၀၀၀၀ လောက် ဆွဲတင်ထားပြီး ဒေါ်လာဈေးမှာကျတော့ ကျပ် ၁၃၀ လောက် ဆွဲ မ,ထားတာ တွေ့ရပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ ကစားနေတဲ့ ဈေးကွက်ကို မထိန်းနိုင်ရင် မြန်မာ့စီးပွားရေး ဒီထက်အဆပေါင်းများစွာ ဆိုးရွားပါမယ်။ ဘာလို့လဲဆိုတော့ ရွှေနဲ့ ဒေါ်လာကို အလုပ်လုပ်ဖို့ထက် အတက်အကျလှိုင်းမှာ အရောင်းအဝယ်လုပ်ပြီး အကျိုးစီးပွားရှာနေတဲ့သူတွေကြောင့်ပါ။ တကယ်အလုပ်လုပ်နေသူတွေက အကျိုးဖြစ်သင့်သလောက်မဖြစ်ဘဲ အလုပ်လုပ်သူတွေရဲ့ ဒေါ်လာတွေ ရွှေတွေကို ထိုင်ကစားပြီး တစ်နိုင်ငံလုံးရဲ့Macroeconomics ကို ထိခိုက် အောင်လုပ်နေတဲ့သူတွေကို လွှတ်ပေးထားတာကြောင့်ပါ။
တစ်ဖက်မှာလည်း ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ Currency SWAP (ဗဟိုဘဏ်က နိုင်ငံခြားငွေထုတ်ပေးပြီး ပြည်တွင်းဘဏ်တွေက ထုတ်ပေးတဲ့ဒေါ်လာနဲ့ ညီမျှတဲ့ကျပ်ငွေကို အပေါင်အဖြစ် ဗဟိုဘဏ်သို့ ပြန်လည်အပ်နှံပြီး အဲဒီအပ်နှံကျပ်ငွေအပေါ် ဗဟိုဘဏ်က အတိုးပေးမည့် အစီအစဉ်) ဟာလည်း ပြည်တွင်းဘဏ်တွေက နှစ်လိုမှုနည်းနေတဲ့ အခြေအနေပါ။
ဒါ့အပြင် ဘုရားပန်းတောင် ပြည်ပက တင်သွင်းနေတယ်ဆိုတဲ့ အခြေအနေမျိုးလို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆွေးနွေးပြီး ဘုရားပန်းကို ပြည်ပက သွင်းနေတာဟာ လိုချင်လို့လား၊ လိုအပ်လို့လား။ မလိုအပ်ရင် မသွင်းဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဦးဆောင်လုပ်ပါလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။ ဒီလို ပြောကြားထားပေမဲ့ ဒီလိုမျိုး ပြည်တွင်းမှာ ထုတ်နေတဲ့ ကုန်စည်တူသွင်းကုန်တွေကို အခွန်ပိုပြီး စည်းကြပ်ဖို့၊ အခွန်ပိုပြီးကောက်ခံဖို့၊ တင်သွင်းခွင့်မပြုဖို့၊ တင်သွင်းနေတဲ့ Quota လျှော့ချဖို့ဆိုတဲ့ကိစ္စမျိုးတွေက စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်နိုင်တာမျိုးမဟုတ်ဘဲ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမျိုးက ဦးဆောင်ပြီး လုပ်ပေးရမှာပါ။ ဒါပေမဲ့ ဒီလိုမျိုး လုပ်ဆောင်မှုတွေကလည်း နတ္တိပါ။
ဒါ့အပြင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက သြဂုတ် ၂၄ ရက်မှာ နိုင်ငံခြားငွေလဲနှုန်းကို ပစ်မထားဘဲ ကျိတ်ပြီးဖြေရှင်းနေတယ်ဆိုတာနဲ့ ဗဟိုဘဏ်၊ စီးပွား/ကူးသန်း၊ စီမံ/ဘဏ္ဍာ စတဲ့ တာဝန်ရှိသူတွေပေါင်းပြီး အစည်းအဝေး အမြဲတမ်းလုပ်နေတယ်လို့ ဆိုထားပါတယ်။ သြဂုတ် ၂၄ ရက် ဒေါ်လာဈေးက ၁၅၃၅ ကျပ်ပါ။ စက်တင်ဘာ ၂၃ ရက်မှာတော့ ၁၆၁၀ ဖြစ်ပြီး စက်တင်ဘာ ၂၀ မှာ ကျပ် ၁၆၅၀ ပါ။ ဒီလိုမျိုး ဗဟိုဘဏ်၊ စီးပွား/ကူးသန်းနဲ့ စီမံ/ဘဏ္ဍာ ပူးပေါင်းဖြေရှင်း နေပါတယ်ဆိုတဲ့ကြားက ဘာကြောင့် ဒေါ်လာဈေးထပ်တက်နေတာလဲဆိုတာ အဖြေရှာဖို့ လိုအပ်ပါတယ်။ အသက် ၈၀ ကျော် တာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာဖြစ်နေတာလား။ လုပ်ကိုင်နိုင်စွမ်း မရှိတာလား။ Root Course က ဘာလဲ ဆိုတာ အဖြေမထုတ်နိုင်တာလား။ အနာနဲ့ဆေး တခြားစီဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်ရမှာဖြစ်သလို ဒီလိုမျိုးထိန်းကျောင်းနိုင်စွမ်းမရှိတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် နှစ်မကုန်ခင်မှာပဲ ပြည်ပဈေးကွက်က ဆွဲတင်နေတဲ့ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဆိုတာ အနှေးနဲ့အမြန် ဖြစ်လာပါလိမ့်မယ်။
■ စံချိန်တင်ဘတ်ဂျက်လိုငွေနဲ့ ဗိုလ်ချုပ်ပုံ ငွေစက္ကူ ဘယ်တော့ထုတ်မှာလဲ
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ယခင် ဘဏ္ဍာ နှစ်ခုနစ်ခုမှာ ဖြည့်စွက်ခွင့်ပြုငွေ ကျပ်ဘီလျံ ၁၃၀၀၀ ကျော် တောင်းခံခဲ့ပြီး ဘီလျံ ၁၁၀၀၀ ကျော် ပြန်လည်အပ်နှံမှုဖြစ်ခဲ့ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ နောက်ဆက်တွဲဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်းကျပ် ၉၃၇၁ ဘီလျံဖြစ်ပြီး အသားတင် ပြန်လည်အပ်နှံငွေ မှာကျပ် ၉၉၁၄ ဘီလျံပါ။
NLD အစိုးရလက်ထက်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နောက်ဆက်တွဲဘတ်ဂျက် ခွင့်ပြုငွေက ကျပ် ၁၂၈၄ ဘီလျံဖြစ်ပြီး အသားတင်ပြန်လည်အပ်နှံငွေက ကျပ် ၁၆၈၇ ဘီလျံဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာအစိုးရနဲ့ ဝန်ကြီးဌာနတွေအတွက် ဘတ်ဂျက်တောင်းခံရာမှာ စုစုပေါင်းလိုငွေ ကျပ် ၆၄၀၁ ဘီလျံ ကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး ဘတ်ဂျက်အများ ဆုံးတောင်းခံမှုအဖြစ် စံချိန်တင် ဘတ်ဂျက် တောင်းခံခဲ့ပေမဲ့လည်း၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီအမှန်စာရင်းအရ လိုငွေဟာ ကျပ် ၂၀၉၆ ဘီလျံကျော်ပဲ ဖြစ်ပေါ်ခဲ့တာကို တွေ့ ရပါတယ်။
ဘတ်ဂျက်လိုငွေတွေ စံချိန်တင်တောင်းတယ်။ အမှန်တကယ် သုံးစွဲနိုင်မှုမရှိဘဲ ပိုက်ဆံတွေပိုတင်ထားတယ်။ တိုင်းပြည်အတွက် အကျိုးမဖြစ်ထွန်းတဲ့နေရာတွေမှာ ဘတ်ဂျက်တွေသုံးနေတယ်။ ဆီးသီးဗန်းမှောက် ဘတ်ဂျက်၊ ယောက္ခမသေလို့ အမွေတောင်းနေသလိုမျိုး ဘတ်ဂျက်တောင်းနေတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ ဝေဖန်ခံနေရချိန်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေက ကျပ် ၄၉၀၃ ဘီလျံကျော်ပါ။
စံချိန်တင်လိုငွေဖြစ်ပေါ်နေတဲ့ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ကို ပြန်ကြည့်မယ်ဆိုရင် မူလခန့်မှန်းခြေမှာ ကျပ် ၄၉၀၃ ဘီလျံပါ။ လိုငွေ ဒီလောက်များပြားအောင် ဖြစ်ပေါ်နေတာက ဘယ်လိုအဖွဲ့အစည်းတွေ၊ ဘယ်လိုဝန်ကြီးဌာနတွေလဲ ပြန်ကြည့်မယ်ဆို ဗဟိုအဖွဲ့အစည်း ၁၁ ခုမှာ လိုငွေအများဆုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးဖြစ်ပြီးတော့ လိုငွေ ၃၁ ဘီလျံကျော်ပါ။ ဒုတိယမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖြစ် ပြီး ၁၂ ဘီလျံကျော်ပါ။ တတိယလိုငွေအများဆုံးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဖြစ်ပြီးတော့ ၁၀ ဒသမ ၂ ဘီလျံကျော် ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက လိုငွေအများဆုံးမှာ ၁၀ ဘီလျံကျော်နဲ့ စတုတ္တလိုက်ပါတယ်။ ဒီ ဗဟိုအဖွဲ့အစည်း ၁၁ ခုကနေ ဖြစ်ပေါ်နေတဲ့ လိုငွေက ၉၂ ဘီလျံကျော်အထိ ရှိနေပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လိုငွေ ကျပ် ၄၀၉၃ ဘီလျံပဲ ရှိနေပေမယ့် ဝန်ကြီးဌာန ၂၄ ခုရဲ့ လိုငွေပမာဏကို ပြန်ကြည့်မယ် ဆိုရင် ၅၀၃၈ ဘီလျံကျော်အထိ ရှိနေပြီး လိုငွေ စံချိန်တင် များပြားနေတယ်ဆိုတာကို ထိတ်လန့်ဖွယ်ရာ တွေ့မြင်ရပါတယ်။ ဘတ်ဂျက်တွေ ပြန်အပ်ပြီဆိုရင်လည်း ဝန်ကြီးဌာနတွေကပဲ အများဆုံးပြန်အပ်နေတာပါ။ ဒီလိုမျိုး ပြန်အပ်နေတဲ့ ဝန်ကြီးဌာနတွေရဲ့ မဆင်မခြင်တောင်းခံမှုတွေကို လွှတ်တော်ကလည်း ဖြတ်တောက်နိုင်စွမ်း မရှိပါဘူး။ အမှန်တကယ် စိစစ်ဖြတ်တောက်သင့်တာ ဘီလျံထောင်နဲ့ချီဖြတ်ချသင့်တယ်လို့ အကြံပြုခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကျပ် ၂၃၀ ဘီလျံလောက်ပဲ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လိုငွေဟာ ဘီလျံ ၄၇၀၀ လောက်ဖြစ်နေမှာပါ။ ဒီလိုမျိုး လိုငွေဆိုပေမဲ့ ပြည်တွင်းပြည်ပက ချေးယူဖို့အတွက် ဘီလျံ ၇၂၀၀ အထိ ခွင့်ပြုထားတာကြောင့်မို့လို့လည်း ဖြည့်စွက်ဘတ်ဂျက်တောင်းခံချိန်မှာ လိုငွေက မြင့်တက်လာဦးမှာပါ။ ဒီလို မြင့်တက်လာတဲ့ လိုငွေအပေါ်မှာ ဗဟိုဘဏ်က ရာခိုင်နှုန်း ၂၀ ချေးယူမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ပုံငွေစက္ကူတွေ ရိုက်ထုတ်ဖို့အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံရေးရေချိန်၊ NLD အစိုးရတာဝန်ယူချိန်မှာ ဗိုလ်ချုပ်ပုံငွေစက္ကူတွေ ရိုက်ထုတ်ခဲ့တယ်ဆိုတဲ့ လက်မထောင်မှုမျိုးနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုတဲ့ ကာလတွေ ပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ပုံ ငွေစက္ကူတွေ ရိုက်ထုတ်ရေးဟာ ၂၀၁၉ ခုနှစ်ထဲမှာ မလွဲမသွေဖြစ်လာနိုင်မှာဖြစ်ပါတယ်။
ဗိုလ်ချုပ်ပုံငွေစက္ကူတွေ ရိုက်ထုတ်မယ်ဆိုတဲ့ အခြေအနေမျိုးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာ့စီးပွားရေးကျဆင်းနေချိန်မှာ ရိုက်နှိပ်ဖို့ မသင့်ဘူးလို့ ထောက်ပြခဲ့ပေမဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တာပါ။ ၂၀၁၇ နိုဝင်ဘာတုန်းက မြန်မာ့စီးပွားရေး ကျဆင်းနေတယ်ဆိုတဲ့ အခြေအနေပဲရှိနေတာဖြစ်ပြီး လက်ရှိကာလလိုမျိုး ဒေါ်လာဈေး၊ ရွှေဈေးစံချိန်တင်တက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းနေတယ်ဆိုတဲ့ ပိုဆိုးလာတဲ့အခြေအနေမျိုး မဟုတ်ပါဘူး။ ကုန်သွယ်ရေးစစ်ပွဲ၊ ပြည်တွင်းဈေးကစားမှုတွေနဲ့ ဂယက်မျိုးစုံရှိနေတဲ့ အခြေအနေမျိုးမှာ ငွေစက္ကူအသစ်ထပ်ရိုက်ဖို့ ဘယ်လိုမှ မလုပ်သင့်တော့တာမို့ ဗိုလ်ချုပ်ပုံငွေစက္ကူ ရိုက်ထုတ်ရေးကို အချိန်ထပ်ရွှေ့သင့်တာမြင်ရမှာပါ။ ဒီလိုမျိုး အချိန်မရွှေ့ဘဲ ၂၀၂၀ မှာ ငါတို့သက်တမ်းကုန်ပြီ။ ဗိုလ်ချုပ်ပုံငွေစက္ကူကတော့ ၂၀၁၉ ထဲမှာ ရိုက်ထုတ်မှကို ဖြစ်မှာဆိုတာမျိုး မတွေးသင့်တော့ဘဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ပြခဲ့သလို တိုင်းပြည်စီးပွားရေး ကောင်းလာချိန်မှပဲ ငွေစက္ကူသစ်ရိုက်ထုတ်ရေးလုပ်ရမှာပါ။ ငွေစက္ကူအသစ် ရိုက်ထုတ် မယ်ဆိုရင် ကနဦးကုန်ကျစရိတ်ကတင် ကျပ် ဘီလျံ ၃၀၀ လောက်ပါ။ ၅၀၀၀ တန် ထုတ်မယ်။ ကျပ် ၁၀၀၀၀ တန်ထုတ်မယ်ဆိုရင် အဲဒီ ပုံစံမတူတဲ့ ငွေစက္ကူတွေကို ပြန်သိမ်းနိုင်ဖို့အတွက် ဘီလျံထောင်ပေါင်းများစွာက နစ်နာဦးမှာပါ။ ဒီလိုနစ်နာမှုအပြင် လက်ရှိတိုင်းပြည်မှာ ကြုံနေရတဲ့ ငွေကြေးအကျပ်အတည်းမှာလည်း မြန်မာကျပ်ငွေတန်ဖိုးက စံချိန်တင်ထိုးချပြီး ပြည်သူတွေပဲ ပိုဒုက္ခရောက်လာမှာဖြစ်သလို လက်ရှိ ကြုံနေရပြီဖြစ်တဲ့ လူထုကျပ်တည်းမှုကို အဖြေမရှာနိုင်ခင်မှာ ငွေစက္ကူရိုက်ထုတ်ရေးအိပ်မက်ကို မေ့ထားရမှာပါ။
တိုင်းပြည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေချိန်၊ ခရီးသွားက တိုးတက်လာဖို့ မျှော်လင့်စရာမရှိတော့တဲ့အချိန်၊ ဒေါ်လာနဲ့ ရွှေဈေးကစားတာကို ထိန်းကျောင်းနိုင်စွမ်းမရှိတဲ့အချိန်၊ ပြည်သူတွေကျပ်တည်းနေချိန်မျိုးမှာ အစိုးရနဲ့ လွှတ်တော်က ဘာတစ်ခုမှ စွမ်းဆောင်မပြနိုင်ဘူးဆိုတဲ့ အခြေအနေမျိူးမှာ ဒေါက်တာဦးမြင့်ထောက်ပြသလို ပြည်သူတွေရဲ့ ငွေရေးကြေးရေးအကျပ်အတည်းဟာ အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်တယ်ဆိုတာ မမေ့ဖို့ဘဲ ပြောရမှာပါ။