သြဂုတ် ၁၄ ရက်က ဖရီးတောင်းမြို့တွင် ရွှံ့ရေများ စီးဆင်းနေမှုကို ကြည့်ရှုနေကြသူများ (Photo: AFP)
ဆီရာယာလီယွန်နိုင်ငံ၏ မြို့တော်ဖရီးတောင်းတွင် ပြင်းထန်သည့်ရေကြီးမှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၃၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သြဂုတ် ၁၄ ရက်ကသိရသည်။
မြို့တော်ထဲရှိ လွမ်လေဝက်စ်ဒေသမှ ရေကြီးသည့်နေရာများ၌ အလောင်းများ ပေါလောမျောပါနေပြီး တောင်ပေါ်ဒေသ ရီဂျန့်ရွာတွင် နေအိမ်များစွာရေထဲသို့ နစ်မြုပ်နေသည်ကို တွေ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
သေဆုံးသူ ၃၁၂ ဦးရှိပြီဖြစ်ပြီး မြို့တော်ထဲမှ သဘာဝဘေးအန္တရာယ်ခံရသည့် ဒေသများသို့ ဆက်လက်စစ်တမ်း ကောက်ယူနေသည့်အတွက် သေဆုံးသူဦးရေ မြင့်တက်နိုင်ကြောင်း ကြက်ခြေနီအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ်မက်ဆာကွီက ပြောကြားခဲ့သည်။ အစိုးရဆေးရုံ၏ ရင်ခွဲရုံတွင် အလောင်းများစုပုံကာ ထားစရာနေရာပင် မရှိသည့်အတွက် ပုဂ္ဂလိကရင်ခွဲရုံများသို့ ပို့ဆောင်ထားရကြောင်း သိရသည်။ ယခုကဲ့သို့ မိုးများသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် မိုးလေဝသဌာနက ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
သမ္မတ အာနက်စ်ဘေကိုရိုမာက မြို့တော်သည် ကြုံဖူးခဲ့သမျှအနက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရစဉ် အရေးပေါ်ဝန်ဆောင်မှုများကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမည်ဟု ရုပ်သံမိန့်ခွန်းအတွင်း ကတိပြုခဲ့သည်။ ဆီရာယာလီယွန်နိုင်ငံသည် အီဘိုလာရောဂါနှင့် ရှည်ကြာသော ပြည်တွင်းစစ်ပွဲဒဏ်တို့မှ ရုန်းကန်နေရဆဲဖြစ်သည့်အတွက် ညီညွတ်မှုရှိကြရေးအတွက်လည်း သမ္မတက မေတ္တာရပ်ခံခဲ့သည်။ ဆီရာယာလီယွန်သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။
အေအက်ဖ်ပီသတင်း၏ ဓာတ်ပုံများထဲတွင် မြို့တော်၏ လမ်းတစ်လမ်း၌ ရွှံရေများအရှိန်ပြင်းစွာ စီးဆင်းနေပြီး ဒေသခံများသည် ရင်ဘတ်နှင့် ခါးအမြင့်လောက်ရှိသည့် ရေထဲတွင် လမ်းဖြတ်ကူးနေသည်ကို တွေ့ရသည်။ လူသေဆုံးမှုပမာဏသည် သြဂုတ် ၁၄ ရက်မှ ရှင်းရှင်းလင်းလင်း ပေါ်လာခြင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၂၀၀၀ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။ လူနေထူထပ်ပြီး လူဦးရေ ၁ ဒသမ ၂ သန်းရှိသော ကမ်းရိုးတန်းမြို့ ဖရီတောင်းတွင် လနှစ်ချီ ကြာမြင့်သောမိုးရာသီ ရောက်တိုင်းရေကြီးမှုနှင့် ကြုံတွေ့ရလေ့ရှိသည်။
Ref: AFP