မြို့လေးကို ကျွန်တော့်နှမရဲ့သားလေး အလည်ရောက်လာပါတယ်။ ဘွဲ့ရပြီးကာစ လူငယ်လေးပေါ့။ ဌာနဆိုင်ရာတွေကခေါ်တဲ့ အလုပ်အကိုင်လေးတွေကို လျှောက်ထားတာမျိုး၊ ဝင်ခွင့်ဖြေတာမျိုးလေးတွေ လုပ်နေရင်း သူမရောက်ဖူးသေးတဲ့ ကျွန်တော်နေထိုင် ရာမြို့လေးကို အလည်ရောက်လာခဲ့တာပါ။
သူက ဘိလိယက်ထိုးတာ ဝါသနာပါတယ်။ တစ်နေ့တော့ သူအပြင်ထွက်သွားတဲ့ အချိန် အတော်လေးကြာနေတာမို့ ဘယ်ရောက်နေသလဲဆိုပြီး ဖုန်းနဲ့ လှမ်းမေးမိပါတယ်။ သူရောက်နေတဲ့ ဘိလိယက်ခုံနာမည်ရယ်၊ နေရာရယ်ကို သိရတော့ ကျွန်တော် စိတ်ပူပြီး ချက်ချင်းပဲ လိုက်သွားမိပါတယ်။ အဲဒီ ဘိလိယက်ခုံက မူးယစ်ဆေးဝါးကိစ္စတွေနဲ့ နာမည်ထွက်နေတာကို ကျွန်တော့်တူလေးကတော့ မသိရှာပါဘူး။ စိုးရိမ်စိတ်နဲ့ ကျွန်တော် ရောက်သွားတဲ့အခါ သူကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဘောလုံးအဖြူလေးကို ကျူတံနဲ့ ကျကျနနချိန်ပြီး ထိုးလိုက်တာ အဖြူလေးကနေအစိမ်း၊ အစိမ်းလေးကတစ်ဆင့် အနီ၊ အပြာ၊ အဝါရောင်စုံဘောလုံးလေးတွေဟာ အရပ်လေးမျက်နှာဆီ ကူသယ်ခေါက်သယ် ပြေးလွှားသွားကြပါတယ်။ တချို့ဘော လုံးလေးတွေကတော့ ကျင်းတွေထဲကို ပြုတ်ကျသွားကြရှာပါတယ်။
(၁)
ဘိန်းဖြူလို့ခေါ်ကြတဲ့ နံပါတ်ဖိုးဟာ ကျွန်တော်တို့ လူငယ်ဘဝက သားသမီးရှိတဲ့ မိဘတိုင်းကို ခြိမ်းခြောက်ခဲ့တဲ့ အရာပါ။ သားရှင် မိဘတွေတင်မကပါဘူး။ သမီးရှင် မိဘတွေလည်း သူ့ကို ကြောက်ကြရတာပါ။ မတော်တဆ ကိုယ့်သမီးလေး ဘိန်းဖြူသမားနဲ့များ ညားသွားရင်...ဆိုတဲ့ အတွေးမျိုးကို တွေးတောရင်း ပူပင်ကြောင့်ကြရပါတယ်။
အဲဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က အနေအထားတွေပေါ့။ အခုနေအခါမှာတော့ ဘိန်းဖြူထက်ပိုပြီး အာနိသင်ပြင်းတဲ့ မူးယစ်ဆေးဝါးတွေ တစ်နေ့တခြားများ ပြားလာပြီလို့ သိနေကြားနေရပါတယ်။ ဒီနေရာမှာတော့ အာနိသင်ပြင်းတယ်ဆိုတာဟာ ကောင်းကျိုးအတွက်မဟုတ်ဘဲ ဆိုးကျိုးအတွက်သာဖြစ်တယ်လို့ မှတ်ယူရမှာပါ။ မူးယစ်ဆေးဝါးမျိုးစုံရဲ့ လူသားအပေါ် ဥပါဒ်ပေးနိုင်မှုတွေကို ဆရာဝန်တွေကတော့ သေသေချာချာ ရှင်းပြပေးနိုင်လိမ့်မယ်ထင်ပါတယ်။
မူးယစ်ဆေးဝါးဟာ လူငယ်တွေတင်မကပါဘူး။ သွေးသားနဲ့ တည်ဆောက်ထားတဲ့ ဘယ်သူ့ကိုမဆို စွဲလမ်းတတ်စေကြောင်းကိုတော့ သေသေချာချာမြင်ဖူးခဲ့ရတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ရှေးခေတ်ပုံပြင်တွေလည်း ရှိခဲ့ကြတာပါပဲ။ ဘိန်းခန်းမျက်နှာကြက်မှာကပ်နေရတဲ့ အိမ်မြှောင်လေးရဲ့ပုံပြင်ကို လူတိုင်းလိုလို သိနေကြပါတယ်။ ဘိန်းခန်းကို အခွန်မဆောင်လို့ ယစ်မျိုးက ဖမ်းဆီးပိတ်ပင်လိုက်တဲ့အခါ မျက်နှာကြက်ပေါ်က အိမ်မြှောင်လေး နေမထိထိုင်မသာ ဖြစ်နေရကြောင်းပေါ့။ ပုံပြင်နားထောင်လို့ အဲဒီနေရာရောက်ရင် ယစ်မျိုးကိုမုန်းပြီး အိမ်မြှောင်လေးကို သနားမိတဲ့ ငယ်ဘဝအချိန်တွေ ရှိခဲ့ဖူးပါတယ်။ ငယ်ရွယ်စဉ်ကလေးဘဝက အဘွားပြောပြတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေဟာ တကယ့်အဖြစ်အပျက်တွေ မဟုတ်ပါဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူးလေ။ ကျွန်တော့်အတွက်တော့ တိရစ္ဆာန်လေးတွေတောင် ဘိန်းငွေ့ကို အရူးအမူး စွဲလမ်းသွားတတ်ကြောင်း အသိတစ်ခု ရခဲ့တာပေါ့။
အသက်ကလေး နည်းနည်းရလာတဲ့အချိန်မှာ ကျွန်တော့်မြို့လေးက ဧရာဝတီကမ်းနဖူးမှာ အတိတ်ကာလက ဘိန်းခန်းကြီးတစ်ခုရှိခဲ့ကြောင်း သိလာရပါတယ်။ အဲဒီအခါမှာတော့ အဘွားပြောပြောပြတဲ့ ပုံပြင်လေးဟာ အဲဒီဘိန်းခန်းအကြောင်းများ ဖြစ်နေမလားလို့ တွေးတွေးနေမိပါတယ်။ သာယာလှတဲ့ ရှုမျှော်ခင်းနဲ့ တငြိမ့်ငြိမ့်စီးနေတဲ့ ရေအလျဉ်ကိုကြည့်ရင်း စည်းစိမ်ယစ်မူးနေကြတဲ့သူတွေ၊ ငွေစတွေ ရေတွက်ရင်း လူသစ်တစ်ယောက်ကို မျှော်နေမယ့် ဘိန်းခန်းပိုင်ရှင် တရုတ်ကြီးတစ်ယောက်၊ နောက်တော့ မျက်နှာကြက်ပေါ်က အိမ်မြှောင်လေး။
(၂)
ကျွန်တော်နေတဲ့ လမ်းကလေးထိပ်မှာ အင်မတန် ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အစ်ကိုကြီးတစ်ယောက် ရှိတယ်။ နေ့ကျောင်းတက်ပြီး ဘွဲ့ရထားတဲ့ အစ်ကိုကြီးပေါ့။ သူဟာ အဲဒီခေတ်က တက္ကသိုလ်တွေရဲ့ ဖွင့်လိုက်ပိတ်လိုက် စာသင်နှစ်တွေကို လူးလူးလွန့့်လွန့် ကျော်ဖြတ်ပြီး ဘွဲ့တစ်ခုရထားပြီးတဲ့ အချိန်တွေပါ။ ကျောင်းပြီးတော့ ဘယ်အစိုးရဌာနမှာမှ သူအလုပ်မဝင်ခဲ့ပါဘူး။ အစိုးရဌာန အလုပ်ဆိုတာကလည်း ဝင်ချင်တိုင်း ဝင်လို့ မရသလို ထွက်ချင်တိုင်း ထွက်လို့မရတာတွေလည်း ရှိပါတယ်။ တချို့တွေအတွက်ကျတော့လည်း ကိုယ့်ခံယူချက်နဲ့ကိုယ် ဘွဲ့နဲ့မအပ်စပ်တဲ့ ဌာနတွေမှာ အလုပ်မဝင်ချင်ကြပါဘူး။ အိမ်အလုပ်လေးတွေ ကူလုပ်ရင်း အဲဒီအစ်ကို ကြီးဟာ စိုင်းထီးဆိုင်သီချင်းထဲကလို လူငယ် ခြေကျဘဝရောက်နေခဲ့တာပေါ့။ ကျွန်တော်တို့ထက် အသက်ငါးနှစ်လောက်ကြီးပေမယ့် ကျွန်တော်တို့နဲ့လည်း ရင်းရင်းနှီးနှီး ပေါင်းသင်းပါတယ်။ လသာတဲ့ညတွေမှာ သူတို့အိမ်ရှေ့က ကွပ်ပျစ်လေးပေါ် ထိုင်ကြရင်း သူဂီတာတီးရင်း ဆိုပြတဲ့ ရာပြည့်၊ သားထွေး၊ အောင်နိုင်နဲ့ ခင်ဝမ်းသီချင်းတွေကို နားထောင်ခဲ့ရဖူးတယ်။
တစ်နေ့ကျတော့ အဲဒီအစ်ကိုကြီးဆီကို သူ့သူငယ်ချင်းတစ်ယောက် အလည်ရောက်လာတယ်။ သူ့သူငယ်ချင်းက ဘယ်က လာတာလဲလို့ ကလေးသဘာ၀ ကျွန်တော်တို့ စပ်စုကြတော့ ‘မအောင်မြင်သေးတဲ့ တော်လှန်ရေးက ပြန်လာတာပေါ့’ လို့ သူက ရယ်ကျဲကျဲနဲ့ ပြောပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ သူ့သူငယ်ချင်းကလည်း သူ့လိုပဲ လူငယ်ခြေ ကျတစ်ယောက် ဖြစ်နေတာပါ။ ယုံကြည် ချက်ချင်းမတူကြလို့ အခြေခံစိတ်ခံစားမှုချင်းတော့ မတူကြဘူးပေါ့။
အဲဒီအစ်ကိုကြီးရဲ့ သူငယ်ချင်းဟာ ဘိန်းဖြူလာလာသုံးမှန်းကို ကျွန်တော်တို့လည်း အစက မသိခဲ့ဘူး။ သူ့သူငယ်ချင်း လာလည်ပြီဆိုရင် အဲဒီအစ်ကိုကြီးက သူ့အခန်းမှာ မနေတော့ဘဲ ရှောင်ရှောင်သွားတတ်တယ်။ ရေသွားချိုးဦးမယ်ဆိုပြီး မြစ်ဆိပ်မှာ ထိုင်၊ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်ရင်း အချိန်ဆွဲနေတတ်ပါတယ်။ နောက်တော့ ဘယ်လိုဖြစ်သွားမှန်း မသိလိုက်ပါဘူး။ အဲဒီ အစ်ကိုကြီးပါ ဘိန်းဖြူစွဲသွားတယ်။ တကယ်တော့ နှစ်ယောက်စလုံးဟာ ပညာနည်းပါးကြသူတွေ မဟုတ်ကြပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း အားမနည်းလှပါဘူး။ ဒါပေမဲ့ အဲဒီအစ်ကိုကြီးနှစ်ယောက်စလုံး ဆေးစွဲသွားကြတယ်။ ကျွန်တော့်အတွက်တော့ ဘိန်းဖြူနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လို့မရဘူးဆိုတဲ့ အသိတစ်ခု ရလိုက်ပါတယ်။
(၃)
အချိန်တွေက တဖြည်းဖြည်းချင်း ရွေ့လျားလာသလို ကျွန်တော်လည်း အသက်တွေ ကြီးလာပါတယ်။ အစိုးရဝန်ထမ်းဘဝက ထွက်ခဲ့ပြီး လက်ဖက်ရည်ဆိုင်လေး ဖွင့်ဖြစ်ခဲ့တယ်။ လက်ဖက်ရည်ဆိုင် ဖွင့်ထားတော့ လူငယ်တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံခဲ့ရတယ်။ သူတို့လေးတွေရဲ့ ရင်တွင်းစကားတွေကို သေသေချာချာ ကြားခွင့်ရခဲ့ပါတယ်။ အသက် ၄၀ ဝန်းကျင်ရှိနေပြီဖြစ်တဲ့ ကျွန်တော်ဟာ အသက် ၂၀ ဝန်းကျင် လူငယ်လေးတွေနဲ့ နေ့စဉ် ထိတွေ့နေရတာပေါ့။ သူတို့ရဲ့ စိတ်ခံစားမှုတွေကို အတွင်းကျကျ သိခွင့်ရခဲ့ပါတယ်။ ၁၅ နှစ်၊ ၁၆ နှစ်အရွယ် လူငယ်လေးတွေနဲ့လည်း တစ်စားပွဲတည်း ထိုင်ခွင့် ခဏခဏ ရခဲ့ပါတယ်။ အများအားဖြင့်တော့ ကျွန်တော်က သိပ်မပြောဘဲ သူတို့ပြောစကားတွေကို နားထောင်ဖြစ်ခဲ့တယ်။ အသစ်၊ အသစ်ပေါ်လာတဲ့ မူးယစ်ဆေးဝါးတွေ၊ ဘယ်သူဘယ်ဝါကဖြင့် ဆေးသုံးနေကြောင်းတွေ၊ ဘယ်ဆေးသမားလေးနဲ့ ဘယ်ကလေးမလေး ချစ်ကြိုးသွယ်နေ ကြကြောင်းတွေကို သူတို့ပြောနေခဲ့ကြတယ်။ စိတ်မကောင်းအဖြစ်ရဆုံး ကိစ္စတစ်ခုကို ကြားခဲ့ရသေးတယ်။ သူတို့လေးတွေဟာလည်း ကျွန်တော်တို့တုန်းကလို လူငယ်ခြေကျတွေ ဖြစ်နေကြရတုန်းပါပဲ။
တချို့လူငယ်လေးတွေကတော့ ၁၀ တန်း ကျောင်းသားလေးတွေပါ။ သူတို့အနေနဲ့ကျ တော့လည်း စာမေးပွဲအောင်ခဲ့ရင် တက္ကသိုလ် ဆက်တက်ရမလား၊ ဆက်တက်မယ်ဆိုရင် အဝေးသင်တက္ကသိုလ် တက်မလား၊ နေ့ကျောင်း ပဲတက်ရမလား တွေဝေနေကြရှာတယ်။ ဘွဲ့တစ်ခုရအောင် ကျောင်းတက်ရင်း ပေးဆပ်ရမယ့်အချိန်တွေ၊ ကုန်ကျရမယ့်ငွေကြေးတွေနဲ့ ကျောင်းပြီးချိန်မှာ ပြန်ရမယ့်အခွင့်အလမ်းကို တွက်ဆကြရင်း အနာဂတ်ကို ဝေေ၀ဝါးဝါး ဖြစ်နေကြရှာတယ်။ ဘွဲ့ရပြီးတဲ့ လူငယ်တွေ အတွက်တော့ပိုပြီး ဆွေးစရာပေါ့။ နယ်မှာဆိုတော့ အလုပ်လုပ်ချင်သူတွေအတွက်လည်း အခက်အခဲဖြစ်နေပြန်၊ ပညာဆက်သင်သူတွေအတွက် တက်ရောက်စရာ သင်တန်းက မရှိနဲ့ ဖြစ်နေကြရှာတယ်။
အခုခေတ် အခုအခါမှာ မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီး၊ သူ့သားသမီး လက်ဖက်ရည်ဆိုင် ထိုင်နေတယ်ဆိုရင် ကျေနပ်နေတတ်ကြပါပြီ။ လိုင်စင်ရ ဘီယာဆိုင်တွေ၊ အရက်ဆိုင်တွေက ဓာတ်မီးတိုင် တစ်တိုင်ခြားလောက်မှာ ရှိနေကြတာမို့ အဲဒီလို ဆိုင်တွေကြားထဲမှာ ရှားရှားပါးပါးရှိနေသေးတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်နေတယ် ဆိုရင်ပဲသူတို့အတွက် စိတ်အေးချမ်းမှုရကြတယ်။
ဆောင်းနှင်းတွေဝေနေတဲ့ မနက်ခင်းတစ်ခုမှာ အားကစားဝတ်စုံလေးတွေ ဆင်တူဝတ်ထားကြတဲ့ အတွဲလေးတစ်တွဲ လက်ဖက်ရည်လာသောက်ကြတယ်။ လူငယ်လေးရဲ့ ဖြစ်ကြောင်းကုန်စင် သမိုင်းကြောင်းကို ကျွန်တော်က သိနေတော့ ကလေးမလေးအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကလေးမလေးက ကျွန်တော့်သမီးလေးနဲ့ ရွယ်တူပေါ့။ အစကတော့ သမီးရည်းစားအတွဲလေးပဲ ထင်နေမိတာ။ နောက်တော့မှ သူတို့တွေဟာ ဇနီးမောင်နှံဖြစ်နေကြောင်း သိရလို့ ပိုပြီး စိတ်မကောင်းဖြစ်မိတယ်။ လူငယ်လေးက ဘွဲ့ရတစ်ဦးပါ။ မိဘကလည်း အဆင်ပြေပြေထဲကပါ။ သူကိုယ်တိုင်ကတော့ အခုအထိ ဘာအလုပ်အကိုင်မှ မရရှာသေးဘူး။ အဆိုးရွားဆုံး ကိစ္စက သူဘိန်းဖြူစွဲနေရှာပါတယ်။
(၄)
ဆောင်းကုန်ကာနီး မနက်ခင်းတစ်ခုမှာ ဆိုင်ရှေ့က ဗာဒံရွက်ခြောက်တွေကို လှည်းကျင်းစုပုံပြီး မီးရှို့ဖို့ ပြင်နေမိတယ်။ အဲဒီအချိန်မှာ အရေးပေါ်လူနာတင်ကားတစ်စီးဟာ ဥသြသံပေးပြီး ဆိုင်ရှေ့က ဖြတ်မောင်းသွားပါတယ်။ ကားနောက်ဘက်ကနေ လိုက်သွားကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ်တွေကို မြင်လိုက်ရတာနဲ့ သာမန်လူနာမဟုတ်ပေဘူးလို့ မှန်းဆနေမိတယ်။ ဗာဒံရွက်လေးတွေကို မီးဆက်ရှို့ရင်း မြင်လိုက်ရတာတွေကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တယ်။ လက်ဖက်ရည်ဆိုင်ဆိုတော့ လူပေါင်းစုံသလို သတင်းကလည်း စုံပါတယ်။ အသစ်ဝင်လာတဲ့ စားသုံးသူတစ်ယောက်ဆီကနေ မကြားချင်ဆုံး သတင်းဆိုးတစ်ခုကို ကြားရပါတော့တယ်။ ကလေးမလေးတစ်ယောက် နံပါတ်ဖိုးရှော့ခ်ရပြီး ဆုံးသတဲ့။ အဲဒီအချိန်မှာ ကလေးမလေးရဲ့ အမျိုးသားလည်း အိမ်မှာမရှိ ရှာဘူးတဲ့။ ဗာဒံရွက်တွေ စိမ်းစိုနေတဲ့အချိန် တွေတုန်းက နှင်းတွေကြားမှာ မြင်လိုက်ရတဲ့ ကျွန်တော့်သမီးလေးအရွယ် ကလေးမလေးရဲ့ မျက်နှာလေးကို ပြန်အမှတ်ရလာပါတယ်။
(၅)
ကျွန်တော့်တူလေးရဲ့ ကစားပွဲက မပြီးသေးဘူး။ စောင့်နေရတဲ့ ကျွန်တော့်ကို အားနာနေပုံရပါတယ်။ ‘ခဏနော် ဦးကျော်၊ ခဏနော် ဦးကျော်’ နဲ့ တဖွဖွပြောနေရှာတယ်။ ကျွန်တော်ကတော့ သူ့အပြောကို ခေါင်းညိတ်အသိအမှတ်ပြုရင်း အခန်းထောင့်နားလေးမှာ တီးတိုးပြောနေကြတဲ့ သူ့အရွယ် လူငယ်လေး သုံးယောက်ကို မသိမသာ အကဲခတ်မိနေပါတယ်။ လူငယ်လေးတစ်ယောက်က စီးကရက်ဘူးခွံထဲက ငွေရောင်ခဲစက္ကူကို တယုတယ ဆွဲထုတ်နေတယ်။ တစ်ယောက်ကတော့ ရေတစ်ဝက်သာသာလောက်ရှိနေတဲ့ ရေသန့်ဘူးကလေးနဲ့။ နောက်တစ်ယောက်က ကျွန်တော့်ကို မလုံမလဲ မျက်နှာနဲ့ လှမ်းကြည့်လို့။
သူတို့ကို အားနာသနားစိတ်ကြောင့် ဘိလိယက်ခုံ ကူရှင်စိမ်းစိမ်းပေါ်မှာပဲ ကျွန်တော့်အကြည့်တွေကို ပြန်ထားမိပါတယ်။ ရောင်စုံဘောလုံးလေးတွေဟာ ထိလိုက်ခတ်လိုက်တိုင်း ခိုကိုးရာမဲ့ ပြေးလွှားနေကြရှာတယ်။ ပန်းရောင်ဘောလုံးလေးက ကူရှင်အစိမ်းပေါ်က လွတ်မြောက်ပြီး တမံတလင်းပေါ် ကျသွားရှာတယ်။
(၆)
ကျွန်တော်တို့ တူဝရီးနှစ်ယောက် အတွေးကိုယ်စီနဲ့ ဆိုင်ကယ်တဖြည်းဖြည်းစီးလို့ အိမ်ပြန်လာခဲ့ကြပါတယ်။ သူကတော့ ဘိလိယက်ခုံပေါ်က ဘောလုံးလေးတွေအကြောင်းကို တွေးနေဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ဘိန်းခန်းမျက်နှာကြက်ပေါ်က အိမ်မြှောင်လေးအကြောင်းရယ်၊ ကတ္တီပါကူရှင် စိမ်းစိမ်းပေါ်က လွတ်မြောက်သွားပေမယ့် အကျနာလွန်းတဲ့ ပန်းရောင်ဘောလုံးလေး အကြောင်းရယ်ကိုပဲ တွေးနေမိပါတယ်။