မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ အေးဆေးတည်ငြိမ်ကြရန် တောင်ကိုရီးယားသမ္မတ တောင်းဆို

မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ အေးဆေးတည်ငြိမ်ကြရန် တောင်ကိုရီးယားသမ္မတ တောင်းဆို
Published 15 August 2017


မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မည့် ခြိမ်းခြောက်မှုသတင်းအား သြဂုတ် ၁၀ ရက်က ဆိုးလ်ရှိဘူတာရုံတွင် ကြည့်ရှုနေသူတစ်ဦး (Photo: AP)

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က မြောက်ကိုရီးယားပြဿနာနှင့် ပတ်သက်၍ အေးဆေးတည်ငြိမ်မှုရှိကြရန် သြဂုတ် ၁၄ ရက်တွင်တောင်းဆိုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင် နောက်ထပ်စစ်ပွဲ မည်သည့်အခါမျှ မဖြစ်သင့်တော့ကြောင်းလည်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည် စမ်းသပ်မှုများကို တုံ့ပြန်ရာတွင် “ကမ္ဘာကြီးက ဘယ်တော့ကမှမမြင်ဖူးတဲ့ ဒေါသမီးတောက်တွေ မြင်ရမယ်” ဟု ကြိမ်းမောင်းခဲ့ပြီးနောက် တင်းမာမှုများ အလွန်မြင့်မားလာခြင်းဖြစ်သည်။

အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားကလည်း ပစိဖိတ်ဒေသအတွင်းရှိ အမေရိကန်၏ ပိုင်နက်ဖြစ်သော ဂူအမ်ကျွန်းဆီသို့ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ယင်းစကားလုံးစစ်ပွဲများကြောင့် ကမ္ဘာကစိုးရိမ်လာပြီး တရုတ်သမ္မတ ရှီကျင်ပင်း အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက နှစ်ဖက်စလုံးကို တည်ငြိမ်အေးဆေးမှုရှိကြရန် တောင်းဆိုခဲ့ကြသည်။

ယခင်က မြောက်ကိုရီးယားနှင့် အပြန်အလှန်ဆွေးနွေးရန် အကြံပြုခဲ့ဖူးသည့် လက်ဝဲယိမ်းခေါင်းဆောင် မွန်ဂျေးအင်က အခြေအနေကို နောက်ထပ်ဆိုးရွားအောင် ပြုလုပ်မည့်အစား ရန်စမှုများနှင့် ရန်လိုသောစကားများအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။

မွန်ဂျေးအင်က တောင်ကိုရီးယား၏ အဓိကမဟာမိတ်နှင့် လုံခြုံရေးအာမခံချက်ပေးထားသူ အမေရိကန်ကိုလည်း ပြဿနာအား ငြိမ်းချမ်းစွာဖြေရှင်းရန် သွယ်ဝိုက်၍ တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးက တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်ပြီး ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားဟာ ငြိမ်းချမ်းရေးပေါ်မှာ တည်မှီနေပါတယ်” ဟု မွန်ဂျေးအင်က ပြောကြားခဲ့သည်။

“ကိုရီးယားကျွန်းဆွယ်ပေါ်မှာ နောက်ထပ်စစ်ပွဲတစ်ခု ဘယ်တော့မှ မရှိနိုင်တော့ပါဘူး” ဟုလည်း မွန်ဂျေးအင်က ပြောကြားခဲ့သည်။ ၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ်စစ်ပွဲသည် လူပေါင်းတစ်သန်းအား သေဆုံးစေခဲ့ပြီး မြို့များကို အပျက်စီးပုံများဖြစ်စေကာ ကိုရီးယားကျွန်းဆွယ်ကို ယခုတိုင် နှစ်ပိုင်းကွဲစေခဲ့သည်။

“ကျွန်တော်တို့ရဲ့ မူဝါဒလားရာနဲ့အညီ အမေရိကန်က လက်ရှိအနေအထားကို တည်ငြိမ်အေးဆေးပြီး တာဝန်ခံမှုရှိတဲ့ပုံစံနဲ့ တုံ့ပြန်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုလည်း မွန်ဂျေးအင်က ပြောကြားခဲ့သည်။

မွန်ဂျေးအင်သည် အမေရိကန် လက်နက်ကိုင်တပ်များ၏ အကြီးအကဲဗိုလ်ချုပ်ကြီး ဂျိုဆက်ဒန်းဖို့ဒ်နှင့်လည်း သြဂုတ် ၁၄ ရက်တွင်တွေ့ဆုံခဲ့သည်။ ဒန်းဖို့ဒ်သည် သူ၏ခရီးစဉ် တစ်စိတ်တစ်ဒေသအဖြစ် ဆိုးလ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး သူ၏ခရီးစဉ်တွင် တရုတ်နှင့် ဂျပန်သို့သွားရောက်ရန်လည်း ပါဝင်သည်။

ဓားတရမ်းရမ်းလုပ်နေသည့် အမေရိကန်နှင့် မြောက်ကိုရီးယားတို့၏ နောက်ဆုံးအနေအထားသည် တစ်ဖက်ဖက်က အတွက်အချက်မှားပါက ဘေးဒုက္ခကြီးမားသော ပဋိပက္ခကြီးဖြစ်အောင် နှိုးဆော်မှုဖြစ်စေလိမ့်မည်ဟု စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ သို့သော်သုံးသပ်သူများစွာတို့က ယင်းကဲ့သို့သော အခြေအနေမျိုး ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ သံသယရှိသည့် လေသံများသာပြသခဲ့ကြသည်။

Ref: AFP

Most Read

Most Recent