အမေရိကန်မြေတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲများတွင် တောင်အမေရိကထိပ်သီးအသင်းများဖြစ်သည့် အာဂျင်တီးနား နှင့် ဘရာဇီးလ်အသင်းတို့ ဂိုးပြတ်နိုင်ပွဲအသီးသီး ရယူနိုင်ခဲ့သည်။
ဘရာဇီးလ်အသင်းမှာ တိုက်စစ်တွင် နေမာ၊ ဖေမီနို၊ ဒူးဂလပ်စ်ကော်စတာတို့ကို တင်ကစားခဲ့ပြီး အဲလ်ဗတ်စ်၊ ဒန်နီလိုတို့မပါဝင်သည့် ညာနောက်ခံနေရာတွင် လီဗာပူးလ်နောက်ခံလူ ဖာဘင်ညိုကို ပွဲထွက်ကစားစေခဲ့သည်။
ပထမပိုင်းတွင် ဘရာဇီးလ်အသင်းက တစ်ပွဲလုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး ဖေမီနိုက (၁၁)မိနစ်၊ နေမာက (၄၃)မိနစ်(ပယ်နယ်တီ)များတွင် အနိုင်ဂိုးများ သွင်းယူပေးနိုင်ခဲ့သည်။
ဘရာဇီးလ်အနေဖြင့် အမေရိကန်အသင်းနှင့် နောက်ဆုံးတွေ့ဆုံမှု(၁၁)ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မက်ဆီမပါဝင်သည့် အာဂျင်တီးနားအသင်းမှာမူ ကွန်ကာကပ်ဖ်က မထင်မရှားအသင်းဖြစ်သည့် ဂွါတီမာလာကို (၃)ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
အာဂျင်တီးနားအသင်း၏ ပွဲထွက်(၁၁)ဦးတွင် အပြောင်းအလဲများခဲ့ပြီး တိုက်စစ်တွင် ပါဗွန်၊ ဂျီယိုဗန်နီတို့ကို တင်ကစားသွားခဲ့သည်။
အာဂျင်တီးနားအတွက်ဂိုးများကို ဂွန်ဇာလိုမာတီနက်ဇ်(၂၇ မိနစ်-ပယ်နယ်တီ)၊ လိုဆယ်လ်ဆို(၃၅ မိနစ်)၊ ဂျီယိုဗန်နီ(၄၄ မိနစ်)တို့က သွင်းယူပေးခဲ့သည်။
ဥရောပထိပ်တန်းအသင်းများတွင် ကစားနေသည့် ဒီဘားလား၊ အီကာဒီ၊ ကော်ရီယာတို့ကို ယခုပွဲတွင်မသုံးဘဲ အရန်ခုံတွင်သာ ထားရှိခဲ့သည်။
အခြားပွဲများတွင် ကိုလံဘီယာက ဗင်နီဇွဲလားကို ဖယ်လ်ကာအို၊ ချာရာတို့၏ ဂိုးများဖြင့်လည်းကောင်း၊ ဥရုဂွေးက မက္ကဆီကိုကို ဟီမင်နက်ဇ်၊ ဆွာရက်ဇ်(၂ ဂိုး- ဒုတိယဂိုး ပယ်နယ်တီ)၊ ပယ်ရေရိုးတို့၏ဂိုးများဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
■ ခြေစမ်းပွဲရလဒ်များ
ကိုလံဘီယာ ၂-၁ ဗင်နီဇွဲလား
အီကွေဒေါ ၂-၀ ဂျမေကာ
အမေရိကန် ဝ-၂ ဘရာဇီးလ်
မက္ကဆီကို ၁-၄ ဥရုဂွေး
အာဂျင်တီးနား ၃-၀ ဂွါတီမာလာ