မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၆ ရက်တွင် လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာလေးသန်း ထုတ်ရောင်းခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျပ် ၁၅၃၀ သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို သြဂုတ် ၁၆ ရက်တွင် ၁၄၉၈ ကျပ်အထိ မြှင့်တင်ခဲ့ပြီး သြဂုတ် ၁၅ ရက် နှုန်းထက် ၂၃ ကျပ် ပိုမိုများပြားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း တစ်ရက်လျှင် ဒေါ်လာတစ်သိန်းသာ ထုတ်ရောင်းလျက်ရှိရာမှ နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်ဘောင် ပယ်ဖျက်ပြီးနောက် သြဂုတ် ၁၅ ရက်တွင် ဒေါ်လာ ၁ ဒသမ ၆၅ သန်း၊ သြဂုတ် ၁၆ ရက်တွင် ဒေါ်လာ လေးသန်းအထိ လေလံဈေးကွက်၌ ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုများအတွက် တရုတ်နှင့် အမေရိကန်အစိုးရ ညှိနှိုင်းမှုများ ပြုလုပ်မည်ဆိုသော သတင်းကြောင့် ဒေါ်လာဆက်တိုက်မြင့်တက်နေရာမှ အားပြန်လျော့လာကာ ဆွေးနွေးမှု အဆင်ပြေပါက ထွန်းသစ်စနိုင်ငံများ၏ ငွေကြေးတန်ဖိုး ကျဆင်းမှုများအတွက် အသက်ရှူပေါက် ရနိုင်မည်ဖြစ်သည်။ သြဂုတ် ၆ ရက် မွန်းလွဲပိုင်းအထိ တူရကီငွေကြေးအကျပ်အတည်းနှင့် တရုတ်စီးပွားရေးကျဆင်းမှုတို့အပေါ် ဈေးကွက်စိုးရိမ်မှုများ ဆက်ရှိနေမှုနှင့်အတူ ဒေါ်လာညွှန်းကိန်းမှာလည်း ၉၆ ပွိုင့်အကျော် အမြင့်တန်းတွင် ဆက်ရှိနေသည်။ တရုတ်ယွမ်ငွေမှာ သြဂုတ် ၁၆ ရက်တွင် ဒေါ်လာနှင့်ယှဉ်လျှင် တစ်ဒေါ်လာ ၆ ဒသမ ၉၁ ယွမ်ဝန်းကျင် ဖြစ်နေကာ ကျပ် ၁၀၀ လျှင် ၀ ဒသမ ၄၆ ယွမ်ဝန်းကျင် ဖြစ်သည်။
ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၁၅ ရက်တွင် ၉၆ ဒသမ ၆၆ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်၊ သြဂုတ် ၁၄ ရက်တွင် ၁၄၈၈ ကျပ်၊ သြဂုတ် ၁၅ ရက်တွင် ၁၅၂၇ ကျပ်၊ သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၆၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ကျပ် ၁၅၆၀ နှင့် နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ၂၁၄ ကျပ်၊ ၁၆ ရာခိုင်နှုန်းခန့်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။
၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံးဖြစ်ခဲ့သည်။
ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၁၆ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၁၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၅ ကျပ်၊ ထိုင်းဘတ် ၄၇ ကျပ်၊ တရုတ်ယွမ် ၂၁၈ ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၅၀ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။