၂၀၁၈ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများ ယနေ့ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့်ထိုင်းအသင်း တွေ့ဆုံ

၂၀၁၈ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများ ယနေ့ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့်ထိုင်းအသင်း တွေ့ဆုံ
Published 9 August 2018

အာဆီယံ ယူ-၁၆ ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၆ အသင်း (Photo: MFF)

၂၀၁၈ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများကို သြဂုတ် ၉ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၆ အသင်းသည် နာမည်ကြီး ထိုင်းအသင်း နှင့် တွေ့ဆုံနေကြောင်း သိရသည်။

ဆီမီးဖိုင်နယ်ပွဲများအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာ ယူ-၁၆ အသင်းနှင့် ထိုင်း ယူ-၁၆ အသင်း၊ မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင်အင်ဒိုနီးရှား ယူ-၁၆ အသင်းနှင့် မလေးရှား ယူ-၁၆ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်အသင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သော်လည်း လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။  ဆီမီးဖိုင်နယ် တက်ရောက်လာသည့်အသင်း များအနက် အိမ်ရှင်အင်ဒိုနီးရှားနှင့် ထိုင်းအသင်းသည် ရှုံးပွဲမရှိဘဲ တက်ရောက်လာခြင်းဖြစ်ပြီး မြန်မာနှင့် မလေးရှားအသင်းမှာမူ အုပ်စုပွဲများတွင် တစ်ပွဲစီရှုံးနိမ့်ခဲ့သည်။ အိမ်ရှင် အင်ဒိုနီးရှားအသင်းသည် အုပ်စုပွဲများတွင် ပွဲအားလုံးအနိုင်ရခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ရန် အခြေအနေကောင်းနေသည်။  မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးညီညီလတ်က “အုပ်စုပွဲမှာကစားခဲ့တဲ့ အသင်းရဲ့ခြေစွမ်းကို အားရပါတယ်။ ကစားသမားတွေအနေနဲ့လည်း တစ်ပွဲထက်တစ်ပွဲ တိုးတက်မှုရှိပါတယ်။ ဆီမီးဖိုင်နယ်မှာ ထိုင်း အသင်းနဲ့တွေ့ပေမဲ့ အကောင်းဆုံးကြိုးစားမှာပါ။ ဗိုလ်လုပွဲတက်နိုင်အောင် ကြိုးစားမှာပါ” ဟု ပြောကြားသည်။

မြန်မာ ယူ-၁၆ အသင်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ထိုင်းအသင်းမှာမူ  လေးကြိမ်ဆက် တက်ရောက်နိုင်ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် ပြီးခဲ့သည့်နှစ်တွင် ဗိုလ်လုပွဲ တက်ရောက်နိုင်သော်လည်း ဗီယက် နမ်ကို ပယ်နယ်တီဖြင့် အရေးနိမ့်ပြီး ဒုတိယဆုသာ ရရှိခဲ့သည်။ မြန်မာအသင်းမှာမူ ၂၀၀၅ ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အောင်မြင်မှုနှင့် ဝေးကွာလျက်ရှိသည်။

Most Read

Most Recent