နိုင်ငံခြားဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်မည့် ပြည်တွင်းဘဏ်များ၌ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ထည့်ဝင်ခြင်းအတွက် မည်ကဲ့သို့ ခွင့်ပြုမည်ကို ဗဟိုဘဏ်၏ စိစစ်မှုခံယူရမည်

နိုင်ငံခြားဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်မည့် ပြည်တွင်းဘဏ်များ၌ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ထည့်ဝင်ခြင်းအတွက် မည်ကဲ့သို့ ခွင့်ပြုမည်ကို ဗဟိုဘဏ်၏ စိစစ်မှုခံယူရမည်
Published 11 July 2018

ပုဂ္ဂလိကဘဏ်လုပ်ငန်း တစ်ခု၏ ရန်ကုန်မြို့ရှိ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

နိုင်ငံခြားဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်မည့် ပြည်တွင်းဘဏ်များ၌ နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ထည့်ဝင်ခြင်းအတွက် မည်ကဲ့သို့ ခွင့်ပြုပေးသွားမည်ကို ဗဟိုဘဏ်၏ စိစစ်မှု ခံယူရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဥပဒေဖြစ်တဲ့အတွက် အမိန့်ကြော်ငြာစာ ထုတ်စရာမလိုဘူး။ ဥပဒေအတိုင်း သွားဖို့ပဲရှိတယ်။ သို့သော် ဘဏ်တွေပေါ့ ကုမ္ပဏီဥပဒေအရဆိုရင် ဘဏ်တွေက ၃၅ ရာခိုင်နှုန်း နိုင်ငံခြားသားတွေရဲ့ ပိုင်ဆိုင်မှုကို ထည့်လို့ရတယ်။ ဘဏ်တွေရဲ့ အခန်းကဏ္ဍသည် ဗဟိုဘဏ်ကနေ ဘဏ်တွေအားလုံးကို စိစစ်ထိန်းကြောင်းတာဖြစ်လို့ ဗဟိုဘဏ်အနေနဲ့ ဥပဒေအရ ၃၅ ရာခိုင်နှုန်းတော့ ပေးမှာပဲ။ ပေးမယ့်အပိုင်းကို ဘယ်လိုပေးမယ် ဆိုတာကို လိုအပ်သလို သူနဲ့ မြန်မာနိုင်ငံသားနဲ့ လုပ်မယ့် အခြားဘဏ်ရဲ့ အခြေအနေတွေ အနေအထားတွေ ဒါတွေကို လိုအပ်တဲ့ စစ်ဆေးမှု လုပ်ကောင်း လုပ်ပါလိမ့်မယ် လုပ်ပြီးမှ သူတို့ခွင့်ပြုပေးမှာ ဗဟိုဘဏ်ရဲ့ စိစစ်မှုတော့ လုပ်ရမှာပေါ့နော်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ပြည်တွင်းပြည်ပ ဖက်စပ်လုပ်ငန်းများ၌ နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ပေးထားသည်။ သို့သော်လည်း ဖက်စပ်လုပ်ကိုင်မည့် ပြည်တွင်းဘဏ်များသည် ဗဟိုဘဏ်၏ ထိန်းကျောင်းမှုအောက်တွင် ရှိသောကြောင့် နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်မှုကို မည်ကဲ့သို့ ပေးသွားမည်ကို ဗဟိုဘဏ်က ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း ပြည်တွင်းငွေလဲလှယ်နှုန်း အတက်အကျများ ဆက်တိုက် ဖြစ်ပေါ်နေသောကြောင့် နိုင်ငံတကာမှ ပြည်တွင်း၌ တိုက်ရိုက်လာရောက် ရင်းနှီးမြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ဖက်စပ်လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို လျော့ကျလာနိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခုလက်ရှိကာလတွင် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန် ရည်ရွယ်၍ ငွေကြေးမူဝါဒများအဖြင့် သီးသန့်ငွေလိုအပ်ချက် အတိုးနှုန်း မှုဝါဒနှင့် ငွေကြေးဈေးကွက်တွင် ငွေချေးစာချုပ်များကို ရောင်းဝယ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းအတွက် Exchange သတ်မှတ်ပေးခြင်းနှင့် ပြည်တွင်းဘဏ်များ၌ နိုင်ငံခြားငွေ ရောင်းဝယ်လိုခြင်းများအတွက် နေ့စဉ် Auction ဆောင်ရွက်၍ ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေ (Foreign Exchange Reserve) အား စီမံခန့်ခွဲခြင်းစသော နည်းလမ်းများကို အသုံးပြုကာ ပြောင်းလဲလာသော ဈေးကွက် စီးပွားရေးစနစ်နှင့် ကိုက်ညီသည့် ငွေရေးကြေးရေးကဏ္ဍကို တည်ငြိမ်စေလျက် ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး ခိုင်ခံ့တည်မြဲစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent