ယခုနှစ် ပထမခြောက်လပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၌ ရဲအရာရှိများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရဲစည်းကမ်း ဖောက်ဖျက်ခြင်းနှင့် တိုင်ကြားခံရမှု စစ်ဆေးပေါ်ပေါက်ခြင်းတို့ကြောင့် ထိုသို့ ရဲတပ်ဖွဲ့ဝင်ကို အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
“၁. ၁. ၂၀၁၇ ကနေ ၃၀. ၆. ၂၀၁၇ မှာ အမှုပေါင်း ၁၀၆ မှုမှာ အရာရှိ ၁၉ ဦးနဲ့ အခြားအဆင့် ၁၀၅ ဦးကို အရေးယူခဲ့ပါတယ်။ အရေးယူခံရတဲ့ အရာရှိတွေက စခန်းမှူး၊ မြို့နယ်မှူး ရဲမှူးအဆင့်ထိ ပါပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။
ထိုသို့ အရေးယူခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနက် အရာရှိ ၁၉ ဦးစာရင်းတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအဆင့် တာဝန်ရှိသူ သုံးဦးနှင့် စခန်းမှူး ဒုရဲမှူးအဆင့် တာဝန်ရှိသူ လေးဦးလည်းပါဝင်ကြောင်း သိရသည်။
“လက်နက် ခဲယမ်းနဲ့ပတ်သက်လို့ စစ်ဆေးတဲ့အခါမှာ သံချေးတက်နေတယ်။ တစ်ခုခု ချို့ယွင်းနေတယ်ဆိုရင် ဘာ့ကြောင့်ဖြစ်တာလဲ။ လက်နက်တိုက် တာဝန်ခံသည် သေနတ်တွေကို တိုက်ရမယ့် အချိန်မှာ မတိုက်တဲ့အတွက် ပေါ့လျော့မှုကြောင့် ဖြစ်တယ်ဆိုရင် အရေးယူတာပေါ့။ စည်းကမ်းဖောက်ဖျက်တာတို့၊ ငွေရေးကြေးရေး လာဘ်ပေးလာဘ်ယူ ကိစ္စတို့ ဘာတို့ ဒီလိုဟာတွေကအစ အရေးယူတာတွေ ပါတာပေါ့။ အမှုနဲ့ ပတ်သက်လို့ လုပ်သင့်လုပ်ထိုက်တာ မလုပ်ဘူး။ ဥပမာ တရားခံ သွားမဖမ်းတဲ့ ကိစ္စမျိုးတွေ၊ အမှုနဲ့ပတ်သက်လို့ တရားစွဲရမယ့်ဟာကို အကြောင်းမဲ့ပေါ့၊ ကြန့်ကြာပြီး တရားမစွဲတာတို့ အဲဒါတွေအရေးယူတယ်။ ကျန်တဲ့ဟာက ရဲပြေးမှုပေါ့။ တပ်ဖွဲ့ဝင်တွေ တာဝန်မထမ်းဆောင်လို့ ခွင့်မဲ့ပျက်ကွက်ဖြစ်ပြီး ၂၁ ရက် ကျော်သွားရင် အရေးယူတာ ရှိတယ်။ တချို့ကတော့ ခွင့်သွားတယ်။ ထပ်ပြီး မတိုင်လို့ ခွင့်မဲ့ပျက်ကွက်နဲ့ အရေးယူရတာတွေလည်း ရှိတယ်” ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။
ပြီးခဲ့သည့် နှစ်ကာလတူ အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပထမခြောက်လပတ်တွင် ရဲတပ်ဖွဲ့ဝင်များ အရေးယူခံရမှုမှာ ပိုမိုများ ပြားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ပထမခြောက်လပတ်က အရာရှိ ၃၄ ဦး၊ အခြားအဆင့် ၇၁ ဦး စုစုပေါင်း ၁၀၅ ဦး အရေးယူခဲ့ကြောင်း သိရသည်။
“တရားခံပြေးတုန်းက တစ်ခုကိုတော့ ထောင်ချ ထုတ်ပယ်တာရှိပါတယ်။ ခွင့်မဲ့ပျက်ကွက်ဆိုရင်လည်း သုံးလထက်ကျော်သွားတဲ့ တပ်ဖွဲ့ဝင်တွေဆိုရင် ထောင်ချပြီး ထုတ်ပယ်တာပေါ့။ ရဲစည်းကမ်း ဖောက်ဖျက်တာတွေကိုလည်း လုပ်သက်ကို တစ်နှစ်ဖြတ်တယ်။ နှစ်နှစ်ဖြတ်တယ်။ အဲဒါမျိုးတွေ အရေးယူတာ ရှိတယ်။ တချို့ကျတော့ မှတ်တမ်းဝင်သတိပေးတယ်။ ခြောက်လအတွင်း ရာထူးတိုး စာမေးပွဲ မဖြေရဆိုတာမျိုး ပြစ်ဒဏ်တွေပေးတာ ရှိတယ်။ တိုင်ကြားခံရလို့ ပေါ်ပေါက်မှုရှိတယ် ဆိုရင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူတယ်။ ရဲတရားရုံးနဲ့ စစ်ဆေးပြီးတော့ လုပ်သက်ဖြတ်တာတို့၊ ထောင်ချထုတ်ပယ်တာတို့၊ ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ပစ်တာတို့ ပြစ်ဒဏ်တွေပေးပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အမှုဖြစ်စဉ်များ၌ ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်နှင့်ပတ်သက်၍ မကျေနပ်သဖြင့် တိုင်ကြားထားမှုကြောင့် လက်ရှိစစ်ဆေးဆဲ ၁၀ မှုခန့်ရှိနေပြီး ရဲအရာရှိ ငါးဦး၊ အခြား အဆင့် ၁၂ ဦးကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။















