၂၀၄၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ အိမ်ရာလိုအပ်ချက် ယူနစ် ၄ ဒသမ ၈ သန်းအထိရှိလာမည်ဟုဆို

၂၀၄၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ အိမ်ရာလိုအပ်ချက် ယူနစ် ၄ ဒသမ ၈ သန်းအထိရှိလာမည်ဟုဆို
Published 5 August 2017


ရန်ကုန်မြို့လယ်ရှိ အိမ်ရာအဆောက်အအုံများကို အပေါ်စီးမှ မြင်တွေ့ရစဉ်

၂၀၄၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ အိမ်ရာလိုအပ်ချက် ယူနစ် ၄ ဒသမ ၈ သန်းအထိရှိလာမည်ဖြစ်ကြောင်း House.com.mm ၏ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်၌ ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်းအတွင်း အိမ်ရာလိုအပ်ချက် ယူနစ် ၁ ဒသမ ၀၇ သန်းအထိရှိလာမည်ဖြစ်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အိမ်ရာလိုအပ်ချက် ရာခိုင်နှုန်း ၂၀ ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျန်ရာခိုင်နှုန်း ၈၀ ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍမှ ဖြည့်ဆည်းနိုင်ရန် စီစဉ်ထားကြောင်း၊ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအပေါ် အခြေခံကာ တွက်ချက်မှုအရ လာမည့် ၂၀၄၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ရာလိုအပ်ချက်သည် ယူနစ်ပေါင်း ၄ ဒသမ ၈ သန်းအထိရှိလာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနွေးမှူးက House.com.mm ကပြုလုပ်သည့် အိမ်ရာဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေ ၃၅ ဒသမ ၂၉ သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၄၈ သန်းရှိကြောင်း၊ အဆိုပါအချက်အလက်ပေါ် မူတည်ပြီး လူဦးရေတိုးနှုန်းအရ တွက်ချက်ပါက ၂၀၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ဒသမ ၅၆ သန်းအထိရှိလာမည်ဟု ဦးနွေးမှူးက ပြောကြားသည်။

ထို့ပြင် အိမ်ရာယူနစ်မှာလည်း ၁၉၃၈ ခုနှစ် သန်းခေါင်စာရင်းအရ ၆ ဒသမ ၇၅ သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း အိမ်ရာယူနစ်ပေါင်း ၁၀ ဒသမ ၈၈ သန်းရှိခဲ့ကြောင်း၊ အဆိုပါတိုးတက်မှုနှုန်းအရ တွက်ချက်ကြည့်ပါက ၂၀၄၀ ပြည့်နှစ်တွင် အိမ်ရာယူနစ်ပေါင်း ၁၅ ဒသမ ၆၈ သန်းရှိမည်ဖြစ်သည့်အတွက် ၂၀၄၀ ပြည့်နှစ်တွင် အိမ်ရာယူနစ် လိုအပ်ချက်သည် ၄ ဒသမ ၈ သန်းရှိလာမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ရာယူနစ်ပေါင်း ၁ ဒသမ ၅၈ သန်းရှိခဲ့ပြီး ၂၀၄၀ ပြည့်နှစ်တွင် အိမ်ရာယူနစ်ပေါင်း ၂ ဒသမ ၆၅ သန်းရှိလာရမည်ဟု ခန့်မှန်းထားပြီး အိမ်ရာလိုအပ်ချက်သည် ယူနစ်ပေါင်း ၁ ဒသမ ၇ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နောင်လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ရန်ကုန်တိုင်းအတွင်း အိမ်ရာယူနစ်ပေါင်း တစ်သန်းလောက်လိုမယ့်အချိန်မှာ ကျွန်တော်တို့ဌာနအနေနဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ဖော်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ ပုဂ္ဂလိကကဏ္ဍကပဲ ဖော်ဆောင်သွားလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ပြန်တွက်လိုက်တဲ့အခါမှာ အခုကနေပြီး ၂၀၄၀ အထိဆိုရင် ၂၃ နှစ်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနအနေနဲ့ နှစ်စဉ် အိမ်ရာယူနစ်ပေါင်း ၈၀၀၀ လောက် အကောင်အထည်ဖော်သွားဖို့ ရည်မှန်းထားပါတယ်” ဟု ဦးနွေမှူးက ပြောကြားသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ် ၁၅ နှစ်တာအတွင်း အိမ်ရာယူနစ်ပေါင်း ကိုးသိန်းကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Writer - ဆန်းထူးအောင်၊ စောရည်

Most Read

Most Recent