ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) ၏ ရုံးဖွင့်ပွဲနှင့် Control Center ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်က တောင်ဥက္ကလာ ဘေလီမှတ်တိုင်အနီးရှိ အဆိုပါ YUPT ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါရုံးဖွင့်ပွဲနှင့် Control Center ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အခြားသော ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
“ကျွန်မတို့ YBS စနစ်ကြီး စတင်လာတဲ့အချိန်မှာ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက်ကလည်း သူ့အနေနဲ့ အစိုးရပါဝင်သော အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုအနေနဲ့ ပါဝင်ဆောင်ရွက်လာခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်လာတဲ့အချိန်မှာ ကျွန်မတို့ ရန်ကုန်အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာ အားလုံးစနစ်တကျနဲ့ ဆောင်ရွက်နိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တဲ့အချိန်မှာ ကားတိုင်းမှာ GPS တပ်ရမယ်။ နောက်ကားတွေပေါ်မှာ CCTV ကင်မရာတွေတပ်ဆင်ရမယ်။ နောက်ဆုံးကားတွေအားလုံးကို အလုံးစုံအာမခံထားရမယ်။ ဒီလိုစည်းကမ်းတွေနဲ့ ကျွန်မတို့ အခုဆောင်ရွက်တဲ့အခါ Traffic Control Center ကနေ ကားလိုင်းအားလုံးကို ထိန်းချုပ်တာဖြစ်ပါတယ်။ YUPC ကုမ္ပဏီမှာပါဝင်တဲ့ ယာဉ်လိုင်းများကယာဉ်တွေကို ထိန်းချုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် YBS ဘတ်စ်ကား ၃၆၀၀ ခန့်အထိ ယာဉ်လိုင်း ၉၁ လိုင်းဖြင့် ပြေးဆွဲနေကြောင်း သိရသည်။ YBS ဘတ်စ်ကားစနစ်တွင် ကုမ္ပဏီပိုင်ယာဉ်များ၊ ပုဂ္ဂလိကပိုင်ယာဉ်များဖြင့် ပြေးဆွဲလျက်ရှိပြီး အများပိုင်ကုမ္ပဏီများတွင် YBPC ကုမ္ပဏီလီမိတက်၊ YUPT ကုမ္ပဏီ၊ Omini Focus ကုမ္ပဏီ၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ Power Eleven အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် စသည်တို့ပါဝင်ကြောင်း သိရသည်။
“လောလောဆယ် ဒီယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ၁၉ ရက် မေ ၂၀၁၆ မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ယာဉ်ပိုင်ရှင်တွေ အစုရှယ်ယာထည့်ပြီးတော့မှ အများပိုင်ကုမ္ပဏီထောင်ခဲ့ပါတယ်။ ဒီဇင်ဘာလောက်မှာ တည်ထောင်နိုင်ပြီးတော့မှ အဲဒီလုပ်ငန်းတွေကိုသွားမယ့် ကောင်းမွန်တဲ့သယ်ယူပို့ဆောင်ရေးဖြစ်အောင် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ စပြီးတော့ ကုမ္ပဏီဖွဲ့စည်းပြီး ယာဉ်လိုင်းပြေးဆွဲဖို့အဆင့်အထိ ၂၀၁၆ ဒီဇင်ဘာကစပြီး ကားတွေတင်သွင်းဖို့ ဆောင်ရွက်ခဲ့ပါတယ်” ဟု YUPT ကုမ္ပဏီမှ CEO ဦးမောင်မောင်လွင်က ပြောကြားသည်။
Writer: ထက်ရှိုင်း၊ ဆန်းထူးအောင်















