
၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသော Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဇူလိုင် ၃၁ ရက်တွင် ပထမဆုံး ရုံးထုတ်ခဲ့ရာ မဟာအောင်မြေမြို့နယ် တရားရုံးက အာမခံပေးခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဘသအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်မျိုးရွှေက တရားလိုပြုလုပ်ပြီး ၆၆(ဃ) ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်က အမှတ် (၇) ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
အဆိုပါ အမှုဖွင့်ထားပြီးနောက် မဟာအောင်မြေမြို့နယ် ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံခဲ့ရာ ဇူလိုင် ၁၇ ရက်က အကြောင်းပြန်ခဲ့သဖြင့် တရားစွဲဆိုရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၃၀ ရက်က ကိုဆွေဝင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်ရန် မင်္ဂလာဒုံလေဆိပ်အရောက်၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရပြီး ဇူလိုင် ၃၁ ရက် နံနက်တွင် မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့ကာ မဟာအောင်မြေမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုံးထုတ်ရာတွင် ကိုဆွေဝင်းအား အာမခံဖြင့် တရားရင်ဆိုင်ခွင့်ပြုပါရန် လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီးက ကျပ်သိန်း ၅၀ တန် ခံဝန်နှစ်ဦးဖြင့် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသည့် ကိုဆွေဝင်းမှ ၎င်းဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ “ကျွန်တော်ဟာ အမှုဖွင့်ခြင်းခံရကတည်းက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တိမ်းရှောင်ချင်ရင် တိမ်းရှောင်လို့ရတဲ့ အခြေအနေတစ်ခုမှာတောင် မတိမ်းရှောင်ခဲ့ပါဘူး။ ဒါကိုလေဆိပ်အထွက်မှာ ခုလိုဖမ်းခံခဲ့ရတာပါ။ ဥပဒေဘောင်အတွင်းကနေ အမှုရင်ဆိုင်သွားမှာပါ။ ပြစ်ဒဏ်သုံးနှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မနဲ့ စွဲဆိုထားခြင်းအပေါ်မှာဆိုရင် အာမခံမပေးလည်းရသလို၊ ပေးလည်းရတဲ့ အနေအထားမှာ တရားသူကြီးတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးလိုက်တဲ့အတွက် ကြိုဆိုပါတယ်။ လွှတ်တော်မှာလည်း ၆၆(ဃ) နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတဲ့အတွက် ကျွန်တော့်အမှုဟာ အထိုက်အလျောက် သက်ရောက်မှုရှိစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
Writter: ယဉ်မျိုးသွယ်















