
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သည့် စွမ်းရည်ရှိကြောင်း စိစစ်တွေ့ရှိရသော ကိုယ်လက်အင်္ဂါမပြည့်စုံသူ ၆၂ ဦးကို ယာဉ်မောင်းလိုင်စင် ထုတ်ပေးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
ဇူလိုင် ၃၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦဦးခင်မောင်မောင်၏ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရာတွင် ကိုယ်အင်္ဂါမပြည့်စုံသူများ၏ လျှောက်ထားမှုကို ငြင်းပယ်ခံနေရပါသဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉ ခုနှစ်နည်းဥပဒေများတွင် ကိုယ်အင်္ဂါမပြည့်စုံသူများ၏ ယာဉ်မောင်းလိုင်စင်လျှောက်ထားမှုကို ငြင်းပယ်ရန်အတွက် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန်အတွက် အရောင်ခွဲခြားစစ်ဆေးခြင်းနှင့် အမြင်အာရုံစစ်ဆေးခြင်း၊ ကိုယ်အင်္ဂါသန်စွမ်းမှု စစ်ဆေးခြင်း၊ စိတ်အခြေအနေဆန်းစစ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းနှင့် လက်တွေ့ယာဉ်မောင်းနှင်မှု စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရကြောင်း၊ ယာဉ်မောင်းနှင်ရာတွင် သာမန်အခြေအနေတွင် ကိုယ်လက်အင်္ဂါ ပြည့်စုံမှုမရှိသော်လည်း အဆင်ပြေနိုင်သော်လည်း အရေးပေါ်အခြေအနေ ကြုံတွေ့လာသည့်အခါ တုံ့ပြန်မှုနောက်ကျသဖြင့် အန္တရာယ်ရှိနိုင်သောကြောင့် ကိုယ်လက်အင်္ဂါသန်စွမ်းမှုကို စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
“ယာဉ်မောင်းခြင်းဟာ ယာဉ်မောင်းသူ တစ်ယောက်တည်းနဲ့သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသူ အားလုံးနဲ့သက်ဆိုင်ပြီး ယာဉ်မတော်တဆဖြစ်ပွားပါက ယာဉ်မောင်းသူအပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသူများနဲ့ အခြားလမ်းအသုံးပြုသူများကို ထိခိုက်ဒဏ်ရာရရှိစေမှု၊ မသန်စွမ်းဖြစ်စေမှုနဲ့ အသက်အန္တရာယ် ကျရောက်စေမှုများအထိပါ ဖြစ်ပေါ်စေနိုင်တဲ့အတွက် ယာဉ်မောင်းလိုင်စင် လျှောက်ထားလာတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်း၊ မပြည့်စုံသူများကို စိစစ်ပြီးမှသာ ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ပြုလျက်ရှိပါတယ်။ ဖြေဆိုလိုသူမှ ယာဉ်မောင်းနိုင်စွမ်းရှိကြောင်း တင်ပြလာတဲ့အခါ တာဝန်ခံအရာထမ်းနဲ့ စစ်ဆေးရေးမှူးက ယာဉ်ကိုအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မှု ရှိ၊ မရှိကို ယာဉ်မောင်းနှင်စေခြင်းဖြင့် ပဏာမစစ်ဆေးပြီး အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်းကို တာဝန်ယူမှုရှိကြောင်းတွေ့ရှိရပါက ယာဉ်မောင်းလိုင်စင်အတွက် ဆက်လက်ဖြေဆိုခြင်းကို မှတ်တမ်းတင်ပြီး ခွင့်ပြုပေးလျက်ရှိပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
၂၀၁၆ ခုနှစ်ဇန်နဝါရီမှ ၂၀၁၇ ခုနှစ်ဇူလိုင်အထိ ကိုယ်လက်အင်္ဂါ မပြည့်စုံမသန်စွမ်းမှုများကြောင့် ယာဉ်ကိုကောင်းမွန်စွာ မောင်းနှင်နိုင်ခြင်းမရှိသူ သုံးဦးကိုသာ ယာဉ်မောင်းလိုင်စင်ဖြေဆိုရန် ငြင်းပယ်ခဲ့မှုရှိပြီး ယာဉ်ကိုအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သည့် စွမ်းရည်ရှိကြောင်း စိစစ်တွေ့ရှိရသည့် ကိုယ်လက်အင်္ဂါမပြည့်စုံသူ ၆၂ ဦးကို ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။
Writer: ငြိမ်းဇော်လင်း၊ မျိုးမင်းထက်















