မြန်မာ့ပဲတီစိမ်းကို ဂျပန်သို့တင်ပို့ရာ ပိုးသတ်ဆေးသုံးစွဲမှု စစ်ဆေးရာ၌ ဓာတ်ကြွင်းကျန်ရှိမှုမှာ သတ်မှတ်နှုန်းထက် အနည်းငယ်ပိုနေသဖြင့် အခက်ကြုံနေရကာ ယခင်ပို့ပြီးသောပဲများကိုပင် ပြန်လည်စစ်ဆေးမည့် အလားအလာရှိနေဟုဆို

မြန်မာ့ပဲတီစိမ်းကို ဂျပန်သို့တင်ပို့ရာ ပိုးသတ်ဆေးသုံးစွဲမှု စစ်ဆေးရာ၌ ဓာတ်ကြွင်းကျန်ရှိမှုမှာ သတ်မှတ်နှုန်းထက် အနည်းငယ်ပိုနေသဖြင့် အခက်ကြုံနေရကာ ယခင်ပို့ပြီးသောပဲများကိုပင် ပြန်လည်စစ်ဆေးမည့် အလားအလာရှိနေဟုဆို
Published 31 July 2017

ပခုက္ကူမြို့နယ် ကိုင်းကျေးရွာအနီး ပဲတီစိမ်းဆွတ်ခူးနေသည့် လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို ဂျပန်နိုင်ငံသို့ တင်ပို့ရာတွင် ပိုးသတ်ဆေးသုံးစွဲမှု စစ်ဆေးရာ၌ ဓာတ်ကြွင်းကျန်ရှိမှုမှာ သတ်မှတ်နှုန်းထက် အနည်းငယ် ပိုမိုသုံးစွဲထားသဖြင့် ဓာတ်ကြွင်းကျန်ရှိနေပြီး အခက်အခဲကြုံတွေ့နေရကြောင်းနှင့် ယခင်တင်ပို့ပြီးသော ပဲတီစိမ်းများကို ပြန်လည်စစ်ဆေးမည့် အလားအလာရှိနေကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် ပဲလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအုန်းဆိုင်က ပြောကြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ပစ္စည်းတင်ပို့ရာတွင် မိမိကဲ့သို့မဖြစ်စေရန်၊ ယခုကဲ့သို့ အခက်အခဲဖြစ်ပေါ်စေခြင်းသည် တစ်ဦးတည်းဖြစ်သည့် ကိစ္စဖြစ်နေသော်လည်း လုပ်ငန်းရှင်လေး၊ ငါးဦးမှ ယခုကဲ့သို့ အခက်အခဲဖြစ်ပေါ်ပြီး ပြဿနာဖြစ်ပေါ်လာပါက မိမိတို့နိုင်ငံအတွက်လည်း ထိခိုက်နိုင်ကြောင်း၊ ထို့ပြင်ဈေးကွက်လည်း ပျောက်သွားနိုင်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းရှင်များ သတိထား၍ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးအုန်းဆိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ပဲတီစိမ်းတင်ပို့မှုနှင့် ပတ်သက်၍ EU မှအသင်းနေဖြင့် ဝယ်ယူသော ပဲတီစိမ်း၏ ရာခိုင်နှုန်း ၉၀၊ ၉၅ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပဲတီစိမ်းအရည်အသွေးကို ထိန်းထားပေးစေလိုကြောင်း၊ အရေအတွက်နှင့် ပတ်သက်၍ ၎င်းတို့ထံတွင် စာရင်းအတိအကျ မရှိသော်လည်း ခန့်မှန်းတန်ချိန် ၁၀၀၀၀-၂၀၀၀၀ အထိရှိကြောင်း၊ ပဲတီစိမ်းအရည်အသွေးကို ထိန်းသိမ်းထားနိုင်ပါက အခြားသောသီးနှံများအပေါ်တွင်လည်း မျှော်လင့်ချက်ကောင်းလာနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပဲစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့ရပြီး တစ်နိုင်ငံလုံး ပဲစိုက်ပျိုးမှု၏ သုံးရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် စိုက်ပျိုးနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ စုစုပေါင်းသီးနှံစိုက်ဧရိယာ၏ ရာခိုင်နှုန်း ၂၀ ကျော်တွင် ပဲတီစိမ်း ၈၆ ရာခိုင်နှုန်းနှင့် မတ်ပဲ ၁၂ ရာခိုင်နှုန်း စိုက်ပျိုးမှုရှိပြီး သုံးခွ၊ ခရမ်း၊ ကျောက်တန်း၊ တိုက်ကြီး၊ သန်လျင်၊ လှည်းကူးမြို့နယ်များ၌ အများဆုံးစိုက်ပျိုးနေသည်။

ပြည်တွင်းစားသုံးမှုသာမက အိန္ဒိယနိုင်ငံသို့ မတ်ပဲအများဆုံးတင်ပို့ပြီး တရုတ်၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂသို့ ပဲတီစိမ်းတင်ပို့လျက်ရှိကြောင်း၊ အချိုးအစားဖြင့်ကြည့်ပါက ပဲမျိုးစုံတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ခန့်ကို အိန္ဒိယသို့လည်းကောင်း၊ ရာခိုင်နှုန်း ၃၀ ကိုတရုတ်နိုင်ငံသို့လည်းကောင်း တင်ပို့လျက်ရှိရာ နှစ်စဉ် ပဲမျိုးစုံတင်ပို့မှုသည့်ပမာဏမှာ ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိနေကြောင်း သိရသည်။
Writer: နီလာ

Most Read

Most Recent