မေယုတောင်ပေါ်တွင် ပျောက်ဆုံးနေသူအား ရှာဖွေရာမှ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသည်ဟု ယူဆရသော ဆောက်လုပ်ဆဲတဲများ ရှာဖွေတွေ့ရှိ

မေယုတောင်ပေါ်တွင် ပျောက်ဆုံးနေသူအား ရှာဖွေရာမှ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသည်ဟု ယူဆရသော ဆောက်လုပ်ဆဲတဲများ ရှာဖွေတွေ့ရှိ
Published 30 July 2017


မေယုတောင်ထဲတွင် တွေ့ရသော အကြမ်းဖက်သမားများ၏ စခန်းဟု ယူဆရသည့် ဆောက်လုပ်ဆဲတဲများကို တွေ့ရစဉ် (Photo: maung aye)

မေယုတောင်ပေါ်တွင် ပျောက်ဆုံးနေသူအား ရှာဖွေရာမှ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသည်ဟု ယူဆရသော ဆောက်လုပ်ဆဲတဲများကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ကျေးရွာသားများ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ တဲများကို နေဘီဆိပ်ကျေးရွာသားများ ပါဝင်သည့် ၂၆ ဦး ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စခန်းဓာတ်ပုံများကို လုံခြုံရေး တပ်ဖွဲ့သို့ ပေးပို့ သတင်းပို့ထားပြီးဖြစ်ကြောင်း သိရသည်။

“ပျောက်နေတဲ့ သူကိုတော့ သေပြီလို့ ယူဆထားကြတယ်။ ဒီကနေ့ အဖွဲ့တွေခွဲပြီး ထပ်ရှာကြတော့ အလောင်းတော့မတွေ့ အကြမ်းဖက်သမားတွေရဲ့ စခန်းအသစ် ဆောက်နေတာတော့ နှစ်နေရာ တွေ့တယ်။ ပေါက်တူး၊ ပုဆိန်၊ သံတူးရွင်းတွေ တွေ့ရတယ်။ ကျွန်တော်တို့ ၂၆ ယောက်ပါတဲ့ အဖွဲ့က အထက်နန်းရာနားက နံနက် ၈ နာရီလောက် တက်ကြတယ်။ တစ်နာရီခွဲလောက် တက်ရှာတော့ အမိုးမမိုးဘဲ သစ်တိုင်တွေနဲ့ ဆောက်ထားတဲ့ တဲတွေ တွေ့တယ်။ မုန့်ဘူးခွံတွေ တွေ့တယ်။ ပေါက်တူးတစ်လက်ကို တွေ့တယ်။ ကျွန်တော်တို့ ထပ်ပြီး တောင်နှစ်လုံးလောက် ကျော်ပြီးတဲ့အခါ တောငှက်ပျောတောကြီး တွေ့တယ်။ အဲဒီငှက်ပျောတောထဲမှာ လက်တောင် ၂၀ ရှည်တဲ့ အဆောက်အအုံနှစ်လုံး တွေ့တယ်။ နောက်တဲတွေ ဆောက်မယ့်နေရာ ရှင်းထားတာကို တွေ့တယ်။ ငှက်ပျောတောထဲမှာ ပေါက်ဆိန်တစ်လက်နဲ့ သံတူးရွင်းနှစ်ချောင်း တွေ့တယ်။ တဲတွေက အမိုးတစ်ခုသာ မိုးဖို့ ကျန်တော့တာ။ အဲဒီနေရာမှာ ကြာကြာ မနေတော့ဘဲ ပြန်ဆင်းလာကြတော့ ပြိုင်းတောင်မော် ဘင်္ဂါလီရွာနားကို ရောက်တယ်။ အဲဒီကနေ စုရပ်ဖြစ်တဲ့ အထက်နန်းရာ ဘင်္ဂါလီရွာနားက လုံခြုံရေးတွေဆီ သတင်းပို့တယ်။ တပ်မတော်က ချွတ်ပြင်ရွာကို ရောက်နေတော့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို တွေ့ခဲ့သူတွေကို ခေါ်တွေ့တယ်။ မှတ်တမ်းဓာတ်ပုံတွေလည်း လုံခြုံရေးတပ်ဖွဲ့တွေဖြစ်တဲ့ နယ်ခြားစောင့်ရဲနဲ့ တပ်မတော်အရာရှိတွေကို ပေးထားခဲ့ပါတယ်” ဟု မေယုတောင်ထဲမှ စခန်းများကို တွေ့ခဲ့သူ နေဘီဆိပ်ကျေးရွာသား ကိုမောင်အေးက ပြောကြားသည်။

ရသေ့တောင်မြို့နယ် မေယုကမ်းစေတီ ပြင်တိုက်နယ် ချွတ်ပြင်ကျေးရွာသား ကိုသန်းဌေး ပျောက်ဆုံးနေ၍ ကျေးရွာသားများ လိုက်လံရှာဖွေနေစဉ် အဆိုပါ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည်ဟု ယူဆရသော တဲများကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ဆဲတဲများ တွေ့ရှိရသည့် နေရာမှာ လူသူအရောက်အပေါက်နည်းသည့် တောနက်ထဲတွင် ဖြစ်သဖြင့် အကြမ်းဖက်သမားများ နေထိုင်ရန် ဆောက်လုပ်နေသည့် တဲများဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိတွင် မေယုတောင်တန်းသို့ ရခိုင်တိုင်းရင်းသားများ ဟင်းရှာထင်းခွေ မသွားနိုင်တော့ဘဲ အကြမ်းသမားများ၏ ခိုလှုံရာနေရာ ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေ ချွတ်ပြင်ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ကိုသန်းဌေး (၃၀) နှစ်သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက အဖော်များနှင့်အတူ မေယုတောင်ထဲတွင် ခရုကောက် ဟင်းရှာသွားရာ လူစုကွဲပြီးမှ ပျောက်ဆုံးနေကြောင်းနှင့် ဇူလိုင် ၂၈ ရက်ကတည်းက ရှာဖွေသော်လည်း ဇူလိုင် ၂၉ ရက် ညနေပိုင်းအထိ ရှာမတွေ့သေးကြောင်း သိရသည်။

ဘူးသီးတောင် မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများရှိကြောင်း သတင်းရရှိသည့်အတွက် ဇွန် ၂၀ ရက်တွင် နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ လိုဏ်ခေါင်း၊ သေနတ်များ၊ လူနေတဲ၊ ဂိုဒေါင်များ၊ စားနပ်ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ရန်ပြုသူအား အသေဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသား၊ အမျိုးသမီး အဝတ်များ၊ မျက်နှာဖုံးစွပ်များ၊ ယမ်းမှုန့်များ တွေ့ရှိရကြောင်း၊ ဇွန် ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါလှိုဏ်ခေါင်းအား ဝင်ရောက်ရှင်းလင်းရာ အနက်ရောင်မျက်နှာဖုံး စွပ်ထားသည့် အကြမ်းဖက်သမား တစ်ဦးက ပုန်းကွယ်နေရာမှ ရုတ်တရက် ထွက်လာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ရာ ယင်းမျက်နှာဖုံးစွပ်ထားသူအား ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆက်လက်ရှင်းလင်းရာ လှိုဏ်ခေါင်းအဆုံးကြမ်းပြင်၌ မြေကြီးများဖုံးအုပ်၍ ပုန်းကွယ်နေသည့် မျက်နှာဖုံးစွပ်တစ်ဦး၏ ဦးခေါင်းအား လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးက နင်းမိခဲ့ရာ ပြန်လည် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Writer: သားရွှေဦး

Most Read

Most Recent