တောင်ပြုန်းပွဲတော် ကာလအတွင်း လူများစုဝေးနိုင်သည့် အငြိမ့်၊ ဇာတ်ပွဲ၊ ရုပ်ရှင်ပြသခြင်းများ ခွင့်ပြုမည် မဟုတ်ဘဲ H1N1 သံသယရှိသူ တွေ့ရှိပါက ပွဲတော်အား ရပ်ဆိုင်းသွားမည်ဟု သိရ

တောင်ပြုန်းပွဲတော် ကာလအတွင်း လူများစုဝေးနိုင်သည့် အငြိမ့်၊ ဇာတ်ပွဲ၊ ရုပ်ရှင်ပြသခြင်းများ ခွင့်ပြုမည် မဟုတ်ဘဲ H1N1 သံသယရှိသူ တွေ့ရှိပါက ပွဲတော်အား ရပ်ဆိုင်းသွားမည်ဟု သိရ
Published 29 July 2017


တောင်ပြုန်းပွဲတော်မှ ဇာတ်ရုံ၊ ရုပ်ရှင်ရုံများကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - မင်းသန့်၊ အောင်သူ)

မကြာမီ ကျင်းပတော့မည့် တောင်ပြုန်းပွဲတော် ကာလအတွင်း လူများစုဝေးနိုင်သည့် အငြိမ့်၊ ဇာတ်ပွဲ၊ ရုပ်ရှင်ပြသခြင်းများ ခွင့်ပြုမည် မဟုတ်ဘဲ H1N1 သံသယရှိသူ တွေ့ရှိပါက ပွဲတော်အား ရပ်ဆိုင်းသွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအရ သိရသည်။

တောင်းပြုန်းပွဲတော် ကျင်းပရေးနှင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲနိုင်ရေး အစည်းအဝေးအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအရ H1N1 ရောဂါ ကာကွယ်ရေး အနေဖြင့် ပွဲတော်ကာလအတွင်း လူအများစုဝေးနိုင်သည့် အငြိမ့်၊ ဇာတ်နှင့် ရုပ်ရှင်ပြသခြင်းများအား ခွင့်ပြုမပြုဘဲ ဒေသန္တရအမိန့် ထုတ်ပြန်သွားမည်ဖြစ်ကာ ပွဲတော်ကာလအတွင်း H1N1 သံသယရှိသူ တွေ့ရှိပါက ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ပွဲတော်အား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အစည်းအဝေး ဆုံးဖြတ်ချက်အရ ပထမအဆင့်အနေနဲ့ တောင်ပြုန်းပွဲအတွင်းမှာ လူအများ စုဝေးနိုင်မှု ဖြစ်စေတဲ့ အငြိမ့်၊ ဇာတ်တို့ ရုပ်ရှင်တို့ကို ခွင့်မပြုဘဲ ရပ်ထားတယ်။ နောက်တစ်ခုက တကယ်လို့ ပွဲတော်ကျင်းပနေစဉ် ကာလအတွင်းမှာ H1N1 သံသယရှိလူနာ တွေ့လို့ရှိရင် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်အောင်အတွက် ပွဲတော်ကို ရပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဝင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် ဆုတောင်းပြည့် ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်း ကပ်လှူပူဇော်ပွဲနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်အား လာမည့် ဇူလိုင် ၃၁ ရက်မှ စတင်ကာ သြဂုတ် ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကာလအတွင်း H1N1 ရောဂါ ကာကွယ်ရေး အနေဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ၊ အသိပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မနေ့က ဆုံးဖြတ်ချက်အရတော့ ရုပ်ရှင်၊ ဇာတ်၊ အငြိမ့်တွေကို ခွင့်မပြုတော့ဘူးလို့ သိရတယ်။ လက်ရှိအထိတော့ ညွှန်ကြားစာလိုမျိုး ထွက်လာတာ မရှိသေးပါဘူး။ ဂေါပကအဖွဲ့ အနေနဲ့လည်း ပွဲတော်ကာလ အတွင်းမှာ H1N1 ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အသိပေး ပိုစတာတွေ ကပ်တာတွေနဲ့ အသံချဲ့စက်နဲ့ သတိပေးနှိုးဆော်တာတွေကိုလည်း ဆောင်ရွက်နေပါတယ်” ဟု တောင်ပြုန်း ဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

တောင်ပြုန်းပွဲတော်မှာ တစ်နိုင်ငံလုံးမှ လာရောက်လေ့ရှိပြီး နှစ်စဉ် လူဦးရေ သိန်းချီ လာရောက်သည့်အတွက် ပွဲတော်ကာလအတွင်း အဝင်အထွက်နေရာများ၊ လူထူထပ်သော နေရာများတွင် Mask များ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အတွင်း၌ H1N1 သံသယရှိလူနာ စစ်ဆေးတင်ပြမှု မရှိသေးဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တောင်ပြုန်းပွဲတော် ကာလအတွင်း ပြည်သူများ သတိပြုနိုင်ရန် နှိုးဆော်ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent