
ပါချန်မြစ်ရေတက်မှုကြောင့် ရေနစ်မြုပ်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပါချန်မြစ်ရေတက်လာပြီး မြစ်ကမ်းနံဘေးရှိ ကျေးရွာများမှာ ရေနစ်မြုပ်ခဲ့ကာ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်း စီးဆင်းလျက်ရှိသော ပါချန်မြစ်ရေမှာ မိုးသည်းထန်မှုကြောင့် ဇူလိုင် ၂၇ ရက် ညနေမှစ၍ မြင့်တက်လာကြောင်း သိရသည်။
မြစ်ရေတက်လာမှုကြောင့် ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲ အတွင်းရှိ မြစ်ကမ်းနံဘေးမှ ကျေးရွာများတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ပါချန်မြစ်အတွင်း တောင်ကျရေတွေ စီးဆင်းလာတာပါ။ မြစ်ရေလည်း တိုးလာတဲ့အတွက် လုံးဖောကျေးရွာ၊ အေးချမ်းသာယာ ကျေးရွာနဲ့ ဖော့သုတ်ကျေးရွာတွေမှာ နေအိမ်တွေ ရေနစ်မြုပ်ကုန်တာပါ။ အခု ရေဘေးသင့်တဲ့ မိသားစုတွေကို ကျေးရွာပြည်သူ့ စစ်တပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့နဲ့ ကျေးရွာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်။ လက်ရှိ ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးပါတယ်” ဟု ရေနစ်မြုပ်ရာသို့ သွားရောက်ကူညီပေးခဲ့သူ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပါချန်မြစ်မှာ မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်ပိုင်းခြားထားသော မြစ်တစ်ခုဖြစ်ပြီး မြစ်ကမ်းနံဘေးရှိ ကျေးရွာများဖြစ်သော လုံးဖောကျေးရွာတွင် အိမ်ခြေ ၅၀၊ အေးချမ်းသာယာကျေးရွာတွင် အိမ်ခြေ ၂၀ နှင့် ဖောသုတ်ကျေးရွာတွင် အိမ်ခြေ ၅၀ ရေနစ်မြုပ်ခဲ့သည်။
ပါချန်မြစ်ရေကြီးမှုကြောင့် နေအိမ်များ ရေနစ်မြုပ်နေသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ဇူလိုင် ၂၈ ရက်မှစပြီး မြစ်ရေ အနည်းငယ် ပြန်လည်ကျဆင်းနေကြောင်း လုံးဖောကျေးရွာအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပါချန်မြစ်မှာ ပင်လယ်ပြင်နှင့် ဆက်စပ်စီးဆင်းနေသောကြောင့် ပင်လယ်ဒီရေတက်ချိန်တွင် မြစ်ရေပြန်လည်တက်လာပြီး စိုးရိမ်ရသည့် အနေအထားသို့ ရောက်လာနိုင်သောကြောင့် တာဝန်ရှိသူများက မြစ်ရေအခြေအနေကို စောင့်ကြည့်နေရသည်။
Writer: ဇော်မိုးဦး















