မြန်မာနှင့် တရုတ် လက်ရွေးစင်အသင်း မေ ၂၆ ရက်တွင် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်

မြန်မာနှင့် တရုတ် လက်ရွေးစင်အသင်း မေ ၂၆ ရက်တွင် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်
Published 17 May 2018

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် အန်တွမ်နီဟေး (ယာ ဒုတိယ) နှင့် နည်းပြအဖွဲ့ဝင်များအား သတင်းစာရှင်းလင်းပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ် ဘောလုံးအဖွဲ့ချုပ် (CFA) ၏ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံ၌  ခြေစမ်းပွဲသွားရောက် ကစားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် တရုတ်လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲကို မေ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ယင်းခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် အန်တွမ်နီဟေး၏ ပထမဆုံး နိုင်ငံတကာပွဲဖြစ်ပြီး  ပြင်ဆင်ချိန် အနည်းငယ်ရရှိမည်ဖြစ်သည်။ တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းကို မကြာမီဖွဲ့စည်းမည် ဖြစ်ပြီး မေ ၁၁ ရက်က အင်္ဂလန်လိဂ်ချန်ပီယံ ရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲမှ ကစားသမားများကိုအခြေခံကာ ရန်ကုန်အသင်းမှ ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းသွားဖွယ်ရှိသည်။ CFA သည် မြန်မာ့လက်ရွေးစင်အသင်း နှင့် လိဒ်စ်ယူနိုက်တက်အသင်း၏ ခြေစမ်းပွဲအပြီးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံ ဆက်သွယ်ကာ တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ MFF သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် အန်တွမ်နီဟေး နှင့် ညှိနှိုင်းကာ  CFA ၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ယင်းခြေစမ်းပွဲအတွက် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၂) ပြီးဆုံးသည့် မေ ၂၁ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်

ပြုလုပ်ဖွယ်ရှိပြီး ပြင်ဆင်ချိန် ရက်အနည်းငယ်သာ ရရှိမည်ဖြစ်သည်။ CFA သည် ၂၀၀၄ နောက်ပိုင်း ၁၄ နှစ်အကြာတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် ပြန်လည်ဖိတ်ကြားခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်က ကွမ်ကျိုးမြို့၌ ခြေစမ်းပဲွဲယှဉ်ပြိုင်ကစားရာ တရုတ်လက်ရွေးစင်အသင်းက (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းနှင့် တရုတ်အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်  အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေ စမ်းပွဲများတွင် ရှစ်ကြိမ်တွေ့ဆုံဖူးပြီး မြန်မာအသင်းက နှစ်ပွဲနိုင်၊ ခြောက်ပွဲ ရှုံးနိမ့်ထားသည်။ မြန်မာအသင်းနှင့် တရုတ်လက်ရွေးစင်အသင်းသည် နိုင်ငံတကာပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲတွင် တွေ့ဆုံခဲ့ရာ မြန်မာအသင်းသည်  နှစ်ကျော့ပေါင်း ရလဒ် (ဝ-၁၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အိမ်ကွင်းပွဲကို မလေးရှားနိုင်ငံ၌ လက်ခံကစားခဲ့ရပြီး ပထမအကျော့ အဝေးကွင်းပွဲတွင် (ဝ-၇) ဂိုး၊ ဒုတိယအကျော့ အိမ်ကွင်းပွဲတွင် (ဝ-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၂၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းဖွယ်ရှိပြီး တရုတ်အသင်းနှင့် ခြေစမ်းပွဲကြောင့် မေ ၂၆၊ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားမည့် MNL ပွဲစဉ် (၁၃) မှ ပွဲအချို့အား ရက်ပြောင်းလဲကျင်းပရန် စီစဉ်ထားကာ ဇူလိုင်တတိယပတ်တွင် ပြန်လည်ကျင်းပဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent