အမေရိကန်နှင့် အီရန်ကြား တိုက်ခိုက်မှုများကို ယာယီရပ်ဆိုင်းခဲ့သဖြင့် ဇူလိုင် ၂၇ ရက်တွင် ရေနံစျေးနှုန်းများ ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာစျေးကွက် အများစုကို ပြန်လည်မြင့်တက်လာစေရန် အထောက်အကူပြုခဲ့သည်။
အမေရိကန်နှင့် အီရန်တို့၏ တိုက်ခိုက်မှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းမီ Brent ရေနံစိမ်းစျေးမှာ ၈ ရာခိုင်နှုန်းကျော် ကျဆင်းကာ ရေနံတစ်စည်လျှင် ၈၈ ဒသမ ၃၆ ဒေါ်လာသို့ ရောက်ရှိသွားခဲ့ပြီး ပါရှန်းပင်လယ်ကွေ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ရေနံစက်မှုလုပ်ငန်းတို့အတွက် သက်သာရာရစေခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်က ပြောကြားခဲ့သည်။
ဟော်မုဇ် ရေလက်ကြားရှိ အိုမန် ရေပိုင်နက်ကို ဖြတ်သန်းသွားလာနေသော သင်္ဘောများကို အီရန်က တိုက်ခိုက်ခဲ့ ရာမှ တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုလဆန်းပိုင်းတွင် အမေရိကန်နှင့် အီရန်တို့သည် ထိရှလွယ်သော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကာ တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့ကြသည်။
တင်းမာမှုများ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ရေနံစိမ်းစျေးနှုန်းများ မြင့်တက်သွားခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း Brent ရေနံစိမ်းစျေးသည် မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
"အရှေ့အလယ်ပိုင်း ဒေသတွင်း အခြေအနေဟာ ငြိမ်သက်သွားခဲ့ပေမဲ့ ပြဿနာက ပြေလည်သွားခဲ့တာ မဟုတ်တဲ့အတွက် ဒီအဆင့်မှာ ရေနံစိမ်းစျေးဟာ တစ်စည်ကို ၈၅ ဒေါ်လာအောက် ကျဆင်းဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်" ဟု XTB ကုန်သွယ်ရေး အုပ်စုမှ သုတေသန ဒါရိုက်တာ ကက်သလင်း ဘရုခ်စ်က ပြောကြားခဲ့သည်။
Ref: AFP















