ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်တိုက်မှုကြောင့် ခြောက်လအတွင်း ဒဏ်ရာရရှိသူ ၃၅ ဦးနှင့် သေဆုံးသူ ၁၉ ဦးရှိကြောင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ စာရင်းများအရ သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ခြောက်လကျော်ကာလအတွင်း YBS ယာဉ်မတော်တဆမှုပေါင်း ၃၄ မှုရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၅ ဦးရှိနှင့် သေဆုံးသူ ၁၉ ဦး ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များ၌ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်း များပြားလာသည့်အတွက် တစ်လလျှင်နှစ်ကြိမ် ဆွေးနွေးပွဲပြုလုပ်ပေးနေကြောင်းလည်း မေ ၇ ရက်က YRTC ရုံးချုပ် သင်တန်းခန်းမ၌ ကျင်းပခဲ့သည့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဋ္ဌဦးချစ်ကိုကိုက ပြောကြားခဲ့သည်။
YRTC၏ ဒုတိယဥက္ကဋ္ဌဦးချစ်ကိုကိုက ခရီးသွားပြည်သူ ၁ ဒသမ ၇ သန်းခန့်ကို ယာဉ်စီးရေ ၃၇၀၀ စီးနှင့် YBS ယာဉ်မောင်း ၇၅၀၀ ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေကြောင်း၊ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းကြီးများ များပြားလာ သည့်အတွက် တစ်လလျှင် နှစ်ကြိမ် ဆွေးနွေးပွဲပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင် ခရီးသွားပြည်သူများ၏ လိုရာခရီးကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးနေသူများမှာလည်း YBS ယာဉ်မောင်း ကြီးများပင်ဖြစ်ကြောင်း၊ YBS လောက၏ အဓိကအကျဆုံးပုဂ္ဂိုလ်များသည် စည်းကမ်းဖောက်ဖျက်နေသည့် သူများမဖြစ်သင့်ကြောင်း၊ အများနှင့်သက်ဆိုင်သည့် လမ်းမကြီးများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းစေရန်အတွက်ကိုလည်း အဓိကအကျဆုံး ပုဂ္ဂိုလ်များပင်ဖြစ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူ ဆောင်ရွက်ရာတွင် စည်းကမ်းဖောက်ဖျက်သည့် မှတ်တမ်းအချက်အလက်များအား ကြည့်ရှု၍ အင်္ဂါနေ့ တိုင်း စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးပြုလုပ်၍ စိစစ်ပြီးမှသာ အရေးယူခြင်းဖြစ်ကြောင်း၊ YBS ယာဉ်များ မှတ်တိုင်တွင်ခရီးသည်များ အတင်အချပြုလုပ်ရာ၌ တံခါးများပိတ်ပြီးမှသာ ယာဉ်ကိုထွက်ခွာစေလိုကြောင်း၊ ထိုသို့ လမ်းမများပေါ် YBS ယာဉ်များ အချင်းချင်း ကျော်တက်မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုမီတာအထက် မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက YRTC မှ ရာသက်ပန်ထုတ်ပယ် ယာဉ်မောင်းအဖြစ်သတ်မှတ်ပြီး လက်တွဲဖြုတ်သွားမှာဖြစ်ကြောင်း၊ YRTC က စောင့်ကြည့်အရေးယူရာတွင် Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူ၍အရေးယူခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုရှိ/မရှိတို့ကို စစ်ဆေးပြီး သက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်အရေးယူလျက်ရှိကြောင်း၊ လောဘကိုလျော့၍ ညွှန်ကြားချက်များ လိုက်နာ၍ မောင်းနှင်ခြင်းအားဖြင့် ယာဉ်တိုက်မှုများ၊ သေဆုံးမှုများလျော့ကျလာမှာဖြစ်ကြောင်း ပြောကြားသည်။
ရန်ကုန်းမြို့အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် YRTC ၏ ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၁ လိုင်း၊ ယာဉ်အစီးရေ ၅၄၆၂ စီးရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၃၅၀၀ ခန့် ယာဉ်လိုင်း ၁၃၂ လိုင်းဖြင့် ခရီးသည် ၁ ဒသမ ၅ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။















