ပီယာလိုကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခွင့်မရရင် မာလ်ဒီနီ ရာထူးက နုတ်ထွက်မယ်လို့ သတင်းထွက်နေ

ပီယာလိုကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခွင့်မရရင် မာလ်ဒီနီ ရာထူးက နုတ်ထွက်မယ်လို့ သတင်းထွက်နေ
Photo: X
Photo: X
Published 27 July 2026

အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီက ပီယာလိုကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခွင့်မရရင် ရာထူးက နုတ်ထွက်ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာပါတယ်။

မာလ်ဒီနီက လစ်လပ်နေတဲ့ အီတလီလက်ရွေးစင်နည်းပြရာထူးအတွက် အန်ဆယ်လော့တီနဲ့ ဂွါဒီယိုလာတို့ကို ဦးစွာကြိုးပမ်းခဲ့ပြီး ငြင်းပယ်ခံခဲ့ရတာကြောင့် အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ ပီယာလိုကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ပီယာလိုက ရုရှားလောင်းကစားကုမ္ပဏီ Fonbet ရဲ့ သံတမန်အဖြစ် ဆောင်ရွက်နေသူဖြစ်တာကြောင့် အီတလီနည်းပြအဖြစ် မခန့်အပ်ဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိလာပါတယ်။

အဲဒီတောင်းဆိုမှုကို အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မာလာဂိုကလည်း လက်ခံဖွယ်ရှိနေတာကြောင့် ပီယာလိုကို နည်းပြအဖြစ် ခန့်အပ်ဖို့ တားဆီးခဲ့မယ်ဆိုရင် မာလ်ဒီနီက ရာထူးက နုတ်ထွက်ဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ယူအေအီးကလပ် ဒူဘိုင်းယူနိုက်တက်အသင်းကို ကိုင်တွယ်နေတဲ့ ပီယာလိုကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ မိမိအနေနဲ့ ကစားသမားဘဝကနေ နည်းပြဘဝအထိ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံတွေရဲ့ ဥပဒေတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအငြင်းပွားနေတဲ့အကြောင်းအရာက စီးပွားရေးနဲ့ အားကစားဆိုင်ရာ သဘောသဘာဝသာဖြစ်ကြောင်း၊ မာလ်ဒီနီနဲ့ လီယိုနာဒိုတို့ ပြသခဲ့တဲ့ လေးစားမှုနဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်လိုကြောင်း၊ အီတလီအပေါ်ထားရှိတဲ့ ချစ်ခြင်းတရားက ရာထူးတစ်ခုအပေါ် မူမတည်ကြောင်း'' ရေးသားခဲ့ပါတယ်။

ပီယာလိုကို အီတလီနည်းပြအဖြစ် မခန့်အပ်နိုင်ခဲ့ရင် မန်စီနီကို ခန့်အပ်ဖို့ အလားအလာများနေကြောင်းလည်း သိရပါတယ်။

Most Read

Most Recent