အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် အိန္ဒိယသမိုင်းတွင် လူငယ်များကို အပြင်းထန်ဆုံးဆန့်ကျင်သည့် ဝန်ကြီးချုပ်ဖြစ်ကြောင်း အောက်လွှတ်တော်မှ အတိုက်အခံခေါင်းဆောင် ရာဟူး ဂန္ဒီက ဇူလိုင် ၂၀ ရက်တွင် စွပ်စွဲခဲ့ပြီး မကြာခဏဖြစ်ပွားနေသည့် စာမေးပွဲမေးခွန်းပေါက်ကြားမှုများနှင့်ပတ်သက်ပြီး ကျောင်းသားများ၏ တောင်းဆိုချက်များသည် ကျိုးကြောင်းဆီလျော်မှုရှိကြောင်း ပြောကြားခဲ့သည်။
မုတ်သုံရာသီကာလ လွှတ်တော် အစည်းအဝေး ဖွင့်ပွဲနေ့တွင် လွှတ်တော်သို့ ချီတက်ရန် ကြိုးပမ်းခဲ့သော ဆန္ဒပြသူများကို ရဲတပ်ဖွဲ့၏ အရေးယူ ဆောင်ရွက်မှုအပေါ် ကွန်ဂရက်ပါတီက ရှုတ်ချခဲ့ပြီး ပိုးဟပ် ဂျန်တာ ပါတီ (CJP) ဦးဆောင်သော လက်ရှိ လှုပ်ရှားမှုများ မတိုင်မီ ကတည်းက စာမေးပွဲ မေးခွန်း ပေါက်ကြားမှု ကိစ္စကို မိမိတို့ကွန်ဂရက်ပါတီက ထောက်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကွန်ဂရက်ပါတီအနေဖြင့် ယခုကိစ္စကို သီတင်းပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်ကတည်းက မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာမြင့်ချိန်ကတည်းက ထောက်ပြ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဂန္ဒီက ပြောကြားခဲ့သည်။
"ကျွန်ုပ်တို့ နိုင်ငံမှာ လူငယ်အများစု ရှိပါတယ်။ ဝန်ကြီးချုပ် မိုဒီဟာ အိန္ဒိယမှာ လူငယ်တွေကို အဆန့်ကျင်ဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဒေလီ လမ်းမတွေပေါ်မှာ လမ်းလျှောက်နေကြတဲ့ အမျိုးသား၊ အမျိုးသမီး ငယ်ရွယ်သူတွေဟာ ရာဇဝတ်သားတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်" ဟု ရာဟူးလ် ဂန္ဓီ က ပြောကြားခဲ့သည်။
ကျောင်းသားတစ်ဦးအနေဖြင့် ၎င်းတို့အပေါ် လေးစားမှုရှိပြီး တရားမျှတကာ စနစ်တကျ လည်ပတ်နေသော ပညာရေးစနစ်ကို ရရှိပိုင်ခွင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ကျောင်းသားတွေ ပြုလုပ်နေတဲ့ လုပ်ရပ်မှာ လုံးဝ အမှား မရှိပါဘူး။ အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်နေတာတွေကတော့ စက်ဆုပ်ဖွယ်ရာ ကောင်းလှပါတယ်။ ကျောင်းသားတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ၊ နံပါတ်တုတ်နဲ့ ရိုက်နှက်နှိမ်နင်းတာတွေဟာ ဒီမိုကရေစီနည်းလမ်း မကျပါဘူး။ ဒါ အိန္ဒိယရဲ့ နည်းလမ်းမဟုတ်ပါဘူး။ ကျောင်းသားတွေမှာ တရားဝင်ပြီး ကျိုးကြောင်းဆီလျော်တဲ့တောင်းဆိုချက်တွေ ရှိနေတာပါ။ ဝန်ကြီးချုပ်အနေနဲ့ ဒီတောင်းဆိုချက်တွေကို လက်ခံပြီး တစ်စုံတစ်ခု ဆောင်ရွက်ပေးသင့်ပါတယ်" ဟု ရာဟူး ဂန္ဓီ က ပြောကြားခဲ့သည်။
ဆန္ဒပြပိုင်ခွင့်သည် ချိုးဖောက်၍မရသော အခြေခံအခွင့်အရေး ဖြစ်ကြောင်း ရာဟူး ဂန္ဓီက ရဲအရာရှိများနှင့် အစိုးရဝန်ထမ်းများကို ရည်ညွှန်း၍ X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
"အာဏာဆိုတာ ထာဝရ မတည်မြဲပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ သေချာပေါက် ရှိလာမှာပါ။ ဒီအစိုးရဟာ လူငယ်တွေကို ပျက်ကွက်ရုံတင် မကပါဘူး။ အနိုင်ကျင့် နှိပ်ကွပ်နေတာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: The Hindu















