■ အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို မည်သို့စီမံဆောင်ရွက်ပေးမည်နည်းဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်တွင် မေးမြန်း

■ အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို မည်သို့စီမံဆောင်ရွက်ပေးမည်နည်းဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်တွင် မေးမြန်း
Published 23 July 2026

အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို မည်သို့စီမံဆောင်ရွက်ပေးမည်နည်းဟု ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဝေက မေးမြန်းသည်။

ဇူလိုင် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဝေက "မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသုံးနေရသည့် စားသုံးကုန်ပစ္စည်းများ ကုန်ဈေးနှုန်း မြင့်နေမှုကို ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း" ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဦးတင့်ဝေက"ကျွန်တော့်အနေနဲ့ လက်ရှိနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုအတွက် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို မည်သို့စီမံဆောင်ရွက်မည်ကို သိရှိလို၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်က စတင်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း လမ်းပန်းဆက်သွယ်မှုများ ခက်ခဲကာ လူတိုင်းနေ့စဉ် စားသုံးနေရသည့် အသီးအနှံ၊ အသားငါး၊ ကုန်ခြောက်မျိုးစုံနှင့် စားသုံးဆီတို့သည် ယခင်ကာလဈေးကွက်ရှိ ပုံမှန်ဈေးနှုန်းထက် သုံးဆလေးဆ မြင့်တက်နေသည်ကို ကြုံတွေ့နေရပါတယ်"ဟု ပြောကြားကြားသည်။

ထို့ပြင် ပေါ်ဆန်းမွှေးတစ်ပြည် ၉၀၀၀ ကျပ်၊ ရိုးရိုးဆန်တစ်ပြည် ၄၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာ ၂၈၀၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၆၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၇၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း၊ အသားငါးဈေးနှုန်းတွင် ဝက်သားတစ်ပိဿာ ၂၈၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာ ၃၂၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၄၂၀၀၀ ကျပ်၊ ငါးတစ်ပိဿာ ၂၄၀၀၀ ကျပ်နှင့် ကြက်ဥဘဲဥဈေးနှုန်းမျာလည်း ၆၀၀ ကျပ်နှင့် ၇၀၀ ကျပ် စသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လျက်ရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်က မြေပဲဆီ တစ်ပိဿာဈေးနှုန်းခန့်အထိ ဈေးတက်လာသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့နိုင်ငံမှာ အခုလို ကုန်ဈေးနှုန်း ကြီးမြင့်နေမှု၊ မတည်မငြိမ် ဖြစ်မှုဟာ အခုကာလမှာတင် မဟုတ်ပါဘူး။ ယခင်အစိုးရအဆက်ဆက်ကာလများမှာလည်း ဒီလိုဖြစ်ပေါ်ခဲ့တာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတက်ခြင်း မတည်ငြိမ်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများစွာ ရှိပါလိမ့်မယ်။ ယခင်က လစာတိုးရင် ကုန်ဈေးနှုန်းလိုက်တက်ကြတာတွေ ရှိပါတယ်။ ဒါ့အပြင် စားသောက်ကုန်များကို ကိုင်တွယ်သိုလှောင်ကြတဲ့ ကုန်သည်များရဲ့ ဈေးကစားမှု အမြတ်ကြီးစားလိုမှုကြောင့်တွေလည်း ကုန်ဈေးနှုန်း တက်ကြပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုန်ဈေးနှုန်း တက်တာကလည်း ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ကြားခရီးလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များခြင်း၊ လောင်စာဆီရှားပါးမှုဖြစ်ခြင်း၊ လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ပစ္စည်း ရောင်းလိုအားနဲ့ ဝယ်လိုအား မညီမမျှဖြစ်ပေါ်ခြင်း စတဲ့ အကြောင်းအချင်းရာများစွာ ရှိပါလိမ့်မယ်။ အဆိုးဆုံးကတော့ ဝိသမလောဘသားများက ဈေးကျစဉ်က ဝယ်ထားတဲ့ ကုန်ပစ္စည်းကို ဈေးကစားပြီး ဈေးနှုန်းတက် ရောင်းချခြင်းကြောင့်လည်း ပါပါတယ်။ ကုန်ဈေးနှုန်းဆိုတာကလည်း ကျွန်တော်တို့နိုင်ငံမှာ တက်ပြီးရင် မည်သည့်အခါမျှ ပြန်ကျလေ့မရှိတာကိုလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ လူတိုင်း နေ့စဉ်စားသုံးနေရတဲ့ အသီးအနှံ၊ သားငါး၊ ကုန်ခြောက်မျိုးစုံနဲ့ ဆန်၊ စားသုံးဆီ အရင်ကထက် ဈေးနှုန်းမြင့်မားနေတာ ကြုံတွေ့နေရပါတယ်။ ယင်းတို့သော အခြေအနေများကြောင့် သာမန်လက်လုပ်လက်စားများ၊ ကုမ္ပဏီလစာနည်းဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အသားငါးစားသုံးနိုင်ရန် အလွန်ပင်ခက်ခဲလျက်ရှိပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဝင်ငွေနည်းပါးမှုတို့အပြင် မိသားစုရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးအသုံးစရိတ်များလည်း ကြီးမြင့်နေမှုကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နေရပါတယ်။ သို့အတွက်ကြောင့်လည်း တချို့သောလူများအနေနဲ့ အလွယ်တကူငွေရပေါက်လမ်းတွေကို မသမာသောနည်းလမ်းနဲ့ ရှာကြံလာကြတဲ့အတွက် ခိုးဆိုးလုနှိုက်ကဲ့သို့သော ဒုစရိုက်များကို ကျူးလွန်လာကြပါတယ်။ ဒါကြောင့် ယနေ့အချိန်အခါမှာ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်နေမှုကို နိုင်ငံတော်အဆင့်အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့လည်း လိုအပ်သလို တစ်ဖက်ကလည်း လက်တွေ့ကျတဲ့ စီမံဆောင်ရွက်မှုများ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အချိန်လည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိကြုံတွေ့နေရသော စားသုံးကုန်ပစ္စည်းများ ကုန်ဈေးနှုန်းကြီးမြင့်နေမှုအတွက် ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဈေးနှုန်းတည်ငြိမ်အောင် မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း ကြယ်ပွင့်ပြမေးခွန်းအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် စားသုံးသူပြည်သူများကိုယ်စား မေးမြန်းအပ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ယင်းကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသုံးနေသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းဆန်စားသုံးမှုဖူလုံစေရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး ဆန်၊ စပါး အခြေခံရည်ညွှန်းဈေးနှုန်းများကို အခါအားလျော်စွာထုတ်ပြန်ခြင်းတို့ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့ပြင် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်စားသုံးဆီ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များက ဈေးနှုန်းသတ်မှတ်ပေးလျက် ရောင်းချစေလျက်ရှိပါကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းကျဆင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုထားပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent