ရှမ်းပြည်နယ် အသေးစား ၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ One Stop Service Center ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ ယခင်ဝန်ကြီးများ ရုံးဟောင်းတွင် ဇူလိုင်လ ၂၀ ရက် တနင်္လာနေ့၊ မနက်ပိုင်း (၉) နာရီ အချိန်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ရှမ်းပြည်နယ် ဝန်ကြီး နှစ်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
“ဒီနေ့ One Stop Service Center ဖွင့်ရတဲ့ ရည်ရွယ်ချက် ကတော့ ဒေသတွင်းမှာ ရှိတဲ့ လုပ်ငန်းရှင် တွေ အချိန်တို အတွင်းမှာ မိမိတို့ လုပ်ငန်းဆောင်တာများကို သိရှိလိုတာ ၊ လိုအပ်တဲ့ အခက်အခဲ လေးတွေ ပြန်လည် ဖြေရှင်းနိုင်ရေးအတွက် ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ လည်း အချိန်အများကြီး ပေးစရာ မလိုတော့ဘူး။ တစ်စုတစ်စည်း ထဲ ဌာနပေါင်းစုံ ရှိတဲ့အတွက် လျှင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် ရဲ့ GDP တိုးတက်ဖို့ဆိုရင် ထုတ်လုပ်မှု ကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စလုပ်မယ့် လုပ်ငန်းရှင် တွေ အနေနဲ့လည်း နည်းပညာ ပေါ့။ နည်းပညာမှာ ထုတ်လုပ်မှု နည်းပညာ၊ စိုက်ပျိုးမှု နည်းပညာ ရှိမယ်။ စျေးကွက် နဲ့ ပတ်သက်တဲ့ ကိစ္စတွေ လိုအပ်ရင် ကျွန်တော်တို့ ဌာန ကို လာခဲ့ကြဖို့ ဖိတ်ခေါ် အပ်ပါတယ်”ဟု ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာန၊ SME ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညီညီအောင် က ဆိုသည်။
လုပ်ငန်း စတင်ဆောင်ရွက်မည့် လုပ်ငန်းရှင်များအတွက် လွယ်ကူအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ တစ်နေရာထဲတွင် ဆက်စပ် ဌာနပေါင်း (၁၄) ဌာန တို့ကို စုစည်းထားခြင်း ဖြစ်ကာ၊ အချိန်တိုအတွင်း ထိရောက် လျှင်မြန်စွာ လုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ကိုလည်း ပြောသည်။
အဆိုပါ ဌာနများမှာ (၁) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ (၂) အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ၊ (၃) စားသုံးသူရေးရာ ဦးစီးဌာန ၊ (၄) မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ၊ (၅)စိုက်ပျိုးရေး ဦးစီးဌာန ၊ (၆) ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ၊ (၇) မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် ၊ (၈) မြန်မာ့စီးပွားရေး ဘဏ် ၊ (၉) မြန်မာ့အာမခံလုပ်ငန်း၊ (၁၀) ပြည်တွင်း အခွန်များ ဦးစီး ဌာန ၊ (၁၁) သမဝါယမဦးစီးဌာန ၊ (၁၂) စည်ပင်သာယာရေး ဌာန ၊ (၁၃) အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ၊ (၁၄) ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တို့ ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ပွဲ ကျင်းပခြင်း ကတော့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ လုပ်ငန်းရှင် များ အခက်အခဲတွေ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ သိရှိလိုတဲ့ အချက်တွေ တစ်နေရာ ထဲမှာ ဌာန ပေါင်းစုံ One Stop Service ဖြေရှင်းပေးနိုင်ဖို့အတွက် ရုံး ဖွင့်တာ ဖြစ်ပါတယ်။လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ငွေကြေး အရင်းအနှီး တို့၊ နည်းပညာတို့ စျေးကွက်အခြေအနေ တို့ သတင်းအချက်အလက် သိချင် တာရှိရင် ဌာန အားလုံးကို စုံစမ်းရင် အချိန်အများကြီး ကုန်မယ်။ ဒီနေရာမှာတော့ ဌာနပေါင်း စုံ စုပြီးတော့ လုပ်ငန်းရှင်တွေ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ဝန်ဆောင်မှု ပေးဖို့အတွက် ဆောင်ရွက်ထားတာပေ့ါ။ အချိန်ကုန်သက်သာမယ်ပေါ့။ အခုကတော့ ၁၄ ဌာန ပါဝင်ပြီး လိုအပ်ရင် ထပ်မံ တိုးချဲ့ဆောင်ရွက်သွားမှာပေါ့။လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ သိချင်တာဖြစ်စေ၊ သက်ဆိုင်ရာ ဌာန လုပ်ငန်းလိုင်စင် လျှောက်ချင်တာပဲ ဖြစ်ဖြစ်ပေါ့။ ချေးငွေ ကိစ္စ ၊ စျေးကွက် ရရှိရေး ကိစ္စ အခက်အခဲ များ အကြံဉာဏ် များ ရယူချင်ရင် SME One Stop Service Center ရှမ်းပြည်နယ် အနေနဲ့ အရင် အတွင်းဝန်များ ရုံးဟောင်း အပေါ်ထပ်မှာ ဖွင့်လှစ်ထားပြီး ဒီနေ့ကစပြီး ဝန်ဆောင်မှု ပေးနေပါပြီ၊ လာရောက်ကြဖို့ ပြောချင်ပါတယ်” ဟု ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ခေတ္တ ပြည်နယ်မှူး ဦးကျော်တိုးက ပြောသည်။
“အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန အခန်းကဏ္ဍ အနေနဲ့ ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဌာန အနေနဲ့ ကဏ္ဍကြီး ၃ ရပ် ဆောင်ရွက်ပါတယ်။ ပထမ တစ်ခု လူထု အတွက် လုပ်ငန်း စတင်ထူထောင်နိုင်အောင် ကုန်ထုတ်လုပ်ငန်းတွေ လုပ်နိုင်အောင် သင်တန်း တွေ ပို့ချပေးပါတယ်။ အခုနောက်ပိုင်း ဝင်ငွေ တိုး စီမံကိန်းတွေကိုပါ ဆောင်ရွက်ပြီးတော့ လက်မှု ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုရွာ စီမံကိန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။ ဒုတိယအချက် အနေနဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းလေးတွေကို မှတ်ပုံတင်ပေးတဲ့ လုပ်ငန်းလေးတွေ ဆောင်ရွက် ပါတယ်။ တတိယအချက် ကတော့ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေကနေ စားသောက်ကုန် လုပ်ငန်း နဲ့ သွင်းကုန် လုပ်ငန်းတွေကနေ ထွက်ပေါ်လာတဲ့ ထုတ်ကုန်ပစ္စည်းလေးတွေ ကို ဘေးအန္တရာယ် ကင်းရှင်းမှု ရှိမရှိ ကို ဓါတ်ခွဲစစ်ဆေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လက်ရှိ လုပ်ငန်းအနေနဲ့ ဆောင်ရွက်တဲ့အပြင် ပြည်သူလူထု အတွက် လုပ်ငန်းတွေ အထောက်အကူ ပြုနိုင်ရန် နည်းပညာ လွှဲပြောင်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး က ပြောသည်။
“ဒီနေ့ ပွဲ ရည်ရွယ်ချက်ကတော့ MSME ပေါ့ နိုင်ငံတော် က ချပေးထားတဲ့ တိုးတက်ဖို့ အတွက် အများကြီး ပံ့ပိုးပေးချိန်မှာ လုပ်ငန်းရှင်တွေ အရင်းအနှီး ရရှိရေး အတွက် ကျွန်တော်တို့ ဘဏ် တွေက ပံ့ပိုးတာပေါ့နော်။ လုပ်ငန်းတွေ အဆင်ပြေဖို့ အားလုံးလိုအပ်တာလေးတွေ အဆင်ပြေဖို့အတွက် လုပ်တာပါ။ တစ်နေရာထဲ ဆောင်ရွက်နိုင်တော့ အချိန်ကုန် လူပန်းသက်သာတာပေါ့။ ကျွန်တော်တို့ ပေးတာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို အာမခံ တင်သွင်းပြီး ချေးချင်တဲ့ လုပ်ငန်းရှင်တွေကို ချေးတာပေါ့။ အခုတော့ အချက်အလက် ကိုက်ညီတဲ့ တောင်သူတွေ မရှိသေးလို့ မပေးနိုင်သေးဘူးပေါ့။ မကြာခင်တော့ လျှောက်လွှာတင်လာလိမ့်မယ်လို့ မျှော်လင့်တာပေါ့” ဟု မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ် ရှမ်းပြည်နယ် မန်နေဂျာ ဦးဘကျော်တင် က ဆိုသည်။















