နှစ်ပေါင်း(၁၅၀) ကျော် သက်တမ်းရှိ မြေသားတာတမံများဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ယနေ့ထိတိုင် ရေဘေးအန္တရာယ်ကာကွယ်ထားရဆဲဖြစ်

နှစ်ပေါင်း(၁၅၀) ကျော် သက်တမ်းရှိ မြေသားတာတမံများဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ယနေ့ထိတိုင် ရေဘေးအန္တရာယ်ကာကွယ်ထားရဆဲဖြစ်
Published 17 July 2026

နှစ်ပေါင်း(၁၅၀) ကျော် သက်တမ်းရှိ မြေသားတာတမံများဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ယနေ့ထိတိုင် ရေဘေးအန္တရာယ်ကာကွယ်ထားရဆဲဖြစ်ကြောင်း သိရသည်။

မြစ်ရေကြီးမှုအမြင့်ဆုံးအနေဖြင့် ၁၉၇၄ ခုနှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့၌ စိုးရိမ်ရေမှတ်အထက် (၄)ပေကျော်အထိ ရောက်ရှိခဲ့ပြီး ကာကွယ်မှုများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ဟင်္သာတခရိုင်အတွင်း ဧရာဝတီမြစ်၊ ငဝန်မြစ်တို့၏ မြစ်ရေများလျှံတက်ဝင်ရောက်ခြင်းမှကာကွယ်ရန် တာတမံများကို (၁၈၆၇)ခုနှစ်ကတည်းက တည်ဆောက်ကာကွယ်ခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း အရေးကြီးဆုံးတာတမံများမှာ ဧရာဝတီမြစ်ရေကို အဓိကကာကွယ်သော ဧရာဝတီဟင်္သာတတာနှင့် ငဝန်မြစ်ရေကို ကာကွယ်သော ငဝန်တာတို့ဖြစ်ကြပါတယ်။ မြစ်ကြီး(၂)စင်းရဲ့ လျှံတက်မှုမှကာကွယ်ရေးအတွက် တည်ဆောက်ထားသော တာတမံများမှာ နှစ်ပေါင်း(၁၅၀)ကျော်ကြာမြင့်ခဲ့ပြီး မြေသားတာတမံများဖြစ်သည့် အလျှောက် ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ရေစိမ့်ခြင်းနှင့် အခြားထိခိုက်ပျက်စီးမှုများလည်း နှစ်စဉ်ဖြစ်ပေါ်ခဲ့ပါ တယ်။ ယခင်က ရေဘေးအန္တရာယ် ကာကွယ်ရေးတာတမံများကို ရန်ပုံငွေရရှိမှုအခြေအနေအရ ပုံမှန်ထိန်းသိမ်းခြင်းသာဆောင်ရွက်နိုင်ခဲ့ပါတယ်။ တာတမံပြုပြင်ခြင်းလုပ်ငန်းများ မဆောင်ရွက်နိုင်ခဲ့သဖြင့် တာအမြင့်မပြည့်မီခြင်း၊ တာလုံးသေးငယ်ခြင်း၊ ဆင်ခြေလျှောမတ်စောက်ခြင်းများကြောင့် နှစ်စဉ်မိုးရာသီတွင် ရေပေါက်ထူးပေါက်ဖြစ်ပွါးခြင်း၊ တာအိတာလျှောခြင်း၊ တာထိပ်ရေကျော်ခြင်းများကို ကြုံတွေ့ခဲ့ရပြီး ခက်ခဲစွာကာကွယ်ခဲ့ရပါတယ်”ဟု ရေဘေးကာကွယ်ရေးသရုပ်ပြပွဲ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဝင်းဌေးက ပြောကြားခဲ့သည်။

ဟင်္သာတခရိုင်အတွင်း စတင်ကာတည်ဆောက်ထားသောတာတမံများမှာ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်၊ မအူပင်ခရိုင်ထိရောက်ရှိကာ မြစ်ဝကျွန်းပေါ်အလယ်ပိုင်း၏စိုက်ပျိုးမြေများကို အိမ်ခေါင်မိုးသဖွယ်ကာကွယ် ထားရသည့် အခြေအနေရှိကြောင်း သိရသည်။

 “ယခုအခါ ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် နှစ်အလိုက်ဦးစားပေးရွေးချယ်ကာ ပြုပြင်လာခဲ့ရာ တာတမံထိခိုက်မှုများသိသာစွာလျော့နည်းလာခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိသောတာတမံများပြုပြင်ခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေများဖြင့် တာတမံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း(၇၇)ခုဆောင်ရွက်ပေးမည်ဖြစ်ပြီး မိုးရာသီမတိုင်မီတွင် တာတမံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း(၁၆)ခုကို ဆောင်ရွက် ပေးခဲ့ပြီး မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ကျန်ရှိသော တာတမံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း(၆၁)ခုကိုလည်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု ညွှန်မှူးက ဆက်လက်ပြောကြားခဲ့သည်။

တာတမံများကို နှစ်စဉ်ပြုပြင်တည်ဆောက်ပေးမှုများကြောင့် ယခင်ကထက် ပိုမိုတောင့်တင့်ခိုင်မာလာသော်လည်း မြေသားဖြင့်တည်ဆောက်ထားသော တာတမံများဖြစ်ခြင်းကြောင့် ရာသီဥတုဒဏ်နှင့် လူတို့၏ ပယောဂများနှင့် ခြတွင်း၊ ကြွက်တွင်းများဖြစ်ပေါ်ပြီး ပေါ်ပေါက်နိုင်သဖြင့် တာတမံဥပဒေ၊ နည်းဥပဒေများကို အလေးထားလိုက်နာပြီး ဆောင်ရွက်ထိန်းသိမ်းနေထိုင်မှုများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း လမ်းညွှန်ပြောကြားခဲ့သည်။

မြစ်ရေကြီးချိန်၌ လိုအပ်မည့်အရေးပေါ်ပစ္စည်းတွေများ ကြိုတင်စုဆောင်းပြီး လုပ်သားအင်အားများစုဖွဲ့ကာ ရေကင်းစခန်းပေါင်း(၁၁၈)ခု ဖွင့်ထားပြီး ကြိုတင်ပြင်ဆင်ထားရှိထားကြောင်း၊ မြစ်ရေတက်လာချိန်၌ တာတမံလုပ်သားများက တာတမံတစ်လျှောက် နေ့၊ည စစ်ဆေးခြင်း၊ ထိခိုက်မှုများကို ကာကွယ်ခြင်းတွေဆောင်ရွက်ကြကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း တာတမံ(၆၄)ခု၊ အလျားမိုင် (၁၃၂၁ ဒသမ ၆၇)မိုင်ဖြင့် ရေဘေးကာကွယ်ဧက(၁၇)သိန်းကျော်အား ထိန်းသိမ်းကာကွယ်ထားရှိထားကြောင်း၊

ယင်းတို့အနက် မိုးတွင်းကာလ မြစ်ရေကြီးမှုကာကွယ်ရန် အရေးကြီးတာတမံ(၈)ခုရှိပြီး အလျားမိုင်(၄၀၀)ကျော်ဖြင့် ရေဘေးကာကွယ်ဧက (၁၁)သိန်းကျော်အား ရေဘေးအန္တရာယ်မှ ကာကွယ်ထားကြောင်း သိရသည်။

အောင်ကျော်မျိုး(ဟင်္သာတ)

Most Read

Most Recent