■ အစ္စရေးနှင့်အဆက်အသွယ်ရှိသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အီရန်သမ္မတဟောင်း အာမက်ဒီနီဂျက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရ

■ အစ္စရေးနှင့်အဆက်အသွယ်ရှိသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အီရန်သမ္မတဟောင်း အာမက်ဒီနီဂျက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရ
Published 14 July 2026
Ref: New York Post/ AA

ထိုသတင်းများသည် မှားယွင်းကြောင်း အာမက်ဒီနီဂျက်က ပြန်လည်ငြင်းဆို

အစ္စရေးနှင့် အဆက်အသွယ်ရှိသည်ဆိုသည့် စွဲချက်များနှင့်ပတ်သက်ပြီး အီရန်သမ္မတဟောင်း မာမွတ် အာမက်ဒီနီဂျက်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင် ၁၃ ရက်တွင် The New York Times သတင်းစာက အီရန်အရာရှိ လေးဦးကို ကိုးကားဖော်ပြချက်အရ အသက် ၆၉ နှစ်အရွယ်ရှိ အာမက်ဒီနီဂျက်သည် အစ္စရေး၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် မော့ဆတ်က စီမံခန့်ခွဲသည့် နေအိမ်တစ်ခုမှ ထွက်ခွာလာခဲ့ပြီးနောက် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ထောက်လှမ်းရေးဌာနခွဲက ၎င်းအား ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ချိန်တွင် အာမက်ဒီနီဂျက်၏ ခြံဝင်းအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့်သီတင်းပတ်မတိုင်မီအထိ ၎င်းကို လူမြင်ကွင်းတွင် မတွေ့ရတော့ကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှုအပြီးတွင် မော့ဆက်အဖွဲ့က အာမက်ဒီနီဂျက်အား ဘေးကင်းသည့် နေအိမ်တစ်ခုသို့ လျှို့ဝှက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း The New York Times သတင်းစာက အမေရိကန်နှင့် အီရန်အရာရှိများကို ကိုးကား၍ ဖော်ပြခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်သီတင်းပတ်တွင် ပြုလုပ်သည့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနားတွင် အာမက်ဒီနီဂျက်သည် လုံခြုံရေးအစောင့်များဖြင့် လူထုမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်ခဲ့သည်။

အာမက်ဒီနီဂျက်သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အီရန်နိုင်ငံကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီး ၎င်း၏ သမ္မတသက်တမ်းအတွင်း ဒုတိယကမ္ဘာစစ်က ဂျူးလူမျိုးများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို လူသိရှင်ကြား ငြင်းဆိုခြင်း၊ အစ္စရေးနိုင်ငံကို ဖျက်ဆီးပစ်ရန် တောင်းဆိုခြင်းနှင့် နျူကလီးယားလက်နက် အစီအစဉ်ကို ပြန်လည်စတင်ခြင်းတို့ကြောင့် နိုင်ငံတကာမီဒီယာများတွင် အဓိက ဖော်ပြခံခဲ့ရသည့် အီရန်သမ္မတဖြစ်ခဲ့သည်။

သို့သော် အမေရိကန်နှင့် အစ္စရေးတို့သည် အာမက်ဒီနီဂျက်ကို အီရန်သမ္မတနေရာကို ပြန်လည်ရရှိစေရန် ကြိုးပမ်းခဲ့ကြသည်ဟုလည်း မေလအတွင်းက The New York Times သတင်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် အာမက်ဒီနီဂျက်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ညီလာခံတစ်ခုအတွက် ဂွါတီမာလာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက အစ္စရေးထောက်လှမ်းရေးနှင့် ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း New York Post က ဖော်ပြခဲ့သည်။

နောက်တစ်နှစ်တွင်မူ အာမက်ဒီနီဂျက်သည် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့ရှိ လူဒိုဗီကာ ပြည်သူ့ဝန်ဆောင်မှုတက္ကသိုလ်တွင် ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတစ်ခုသို့ ဖိတ်ကြားခြင်းခံခဲ့ရသည်ဟု ဆိုသည်။

ဘူဒါပက်မြို့ တွေ့ဆုံပွဲတွင် ထိုအချိန်က မော့ဆတ်ထောက်လှမ်းရေးအကြီးအကဲ ဒေးဗစ်ဘာနီးယားပါဝင်ခဲ့ပြီး အာမက်ဒီနီဂျက်၏ နေထိုင်စရိတ်နှင့် ခရီးစရိတ်အချို့ကို အစ္စရေးတို့ဘက်က ကျခံပေးခဲ့ကြောင်း အမေရိကန်အရာရှိဟောင်းများက New York Post ကို ပြောကြားခဲ့သည်။

သို့သော်လည်း အာမက်ဒီနီဂျက်၏ အကြံပေးဟောင်းတစ်ဦးဖြစ်သည့် အဗ္ဗဒူလ်ရီဇာ ဒါဗာရီကမူ ထိုသတင်းများကို ငြင်းဆိုခဲ့သည်။

"အာမက်ဒီနီဂျက်က ငွေအတွက်နဲ့ ဒါမျိုးကို လုပ်မယ့်သူမဟုတ်ပါဘူး။ သူ့မှာ ငွေကြေးကြွယ်ဝပါတယ်၊ ကျယ်ပြန့်တဲ့ စီးပွားရေးကွန်ရက်လည်း ရှိပါတယ်။ သူက အာဏာအတွက်ကြောင့်ပဲ လုပ်တာပါ။ သူက အာဏာရဲ့ ဦးဆောင်မှုနေရာမှာပဲ ရှိနေချင်တာပါ" ဟု အဗ္ဗဒူလ်ရီဇာ ဒါဗာရီက The New York Times သတင်းစာကို ပြောကြားခဲ့သည်။

မာမွတ် အာမက်ဒီနီဂျက်ကလည်း The New York Times သတင်းစာ၏ ဖော်ပြချက်များကို ငြင်းပယ်လိုက်ပြီး အဆိုပါစွပ်စွဲချက်များသည် အလုံးစုံမှားယွင်းနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါသတင်းစာသည် ပြည်သူလူထု၏ အမြင်ကို လမ်းမှားရောက်စေရန်နှင့် အီရန်နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာစေရန်အတွက် လုပ်ကြံဖန်တီးထားသော သတင်းများကို ထုတ်ဝေနေခြင်းဖြစ်ကြောင်း အာမက်ဒီနီဂျက်၏ ရုံးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အာမက်ဒီနီဂျက်အနေဖြင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရသည်ဆိုသည့် စွပ်စွဲချက်သည် အဓိပ္ပာယ်မရှိသော ပြောဆိုချက်များနှင့် လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

Most Read

Most Recent