ဇွန် ၃၀ ရက်အထိ ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်သည့် သံသယဖြစ်ဖွယ် ဖုန်းနံပါတ်အရေအတွက် လေးသိန်းခန့်ကို အပြီးပိတ်သိမ်းကြောင်း သိရသည်။
တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေး အော်ပရေတာများကိုအသုံးပြုပြီး လောင်းကစားဂိမ်းများသည် ဖုန်းနံပါတ် အမျိုးမျိုးဖြင့် SMS ပေးပို့နေမှုများကို ဝန်ကြီးဌာနအနေနဲ့မည်ကဲ့သို့ တားဆီးဆောင်ရွက်နေပါသလဲ၊ အလားတူ လောင်းကစား SMS ပေးပို့နေသည့် ဆင်းကဒ် ဘယ်လောက် ပိတ်သိမ်းထားပါသလဲဟု သတင်းဌာနအချို့၏ မေးမြန်းမှုအပေါ် ဝန်ကြီးဌာနက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
အထက်ပါမေးခွန်းနှင့်စပ်လျဉ်း၍ လောင်းကစားဂိမ်းများမှ ဖုန်းနံပါတ်အမျိုးမျိုးဖြင့် SMS ပေးပို့နေမှုများအပေါ် ဖုန်းနံပါတ် တစ်ခုတည်းမှ တူညီသောစာသားများကို ဖုန်းနံပါတ် ၆၀ ခုသို့ အချိန်တစ်နာရီအတွင်း ဖြန့်ဝေပေးပို့လျှင်ဖြစ်စေ သို့မဟုတ် အချိန် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁၀၀၀ ခုသို့ ဖြန့်ဝေပေးပို့လျှင်ဖြစ်စေ ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ကြောင်း သိရသည်။
ထိုသို့သတ်မှတ်၍ ၎င်းဖုန်းနံပါတ်အား သက်ဆိုင်ရာအောပရေတာ၏ System ရှိ SMS Firewall ၌ အလိုအလျောက်ပိတ်သိမ်းသောနည်းလမ်း (Automatic Blocking Direction) ဖြင့် တားဆီးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ သံသယဖြစ်ဖွယ် ဖုန်းနံပါတ်အရေအတွက် ၃၉၀၉၇၈ ခုကို အပြီးတိုင်ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် တိုင်ကြားလိုသည့် ဖုန်းနံပါတ်များရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm သို့ တိုင်ကြားနိုင်သည်ဟု ဖြေကြားကြောင်း သိရသည်။















