ချင်းပြည်နယ် ဖလမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ယာယီပြည်သူ့ဆေးရုံသို့ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့

ချင်းပြည်နယ် ဖလမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ယာယီပြည်သူ့ဆေးရုံသို့ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့
Published 11 July 2026

ချင်းပြည်နယ် ဖလမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ယာယီပြည်သူ့ဆေးရုံသို့ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကို နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁၀ ရက်တွင် ဖလမ်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  ဖလမ်းမြို့၊ ယာယီပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ရာ ဆေးရုံ ပြင်ဆင်စီမံထားရှိမှုအခြေအနေ၊ (Mobile)ခွဲစိပ်ခန်း တပ်ဆင်ထားရှိမှုအခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးရရှိမှုအခြေအနေ၊ ဆေးရုံထပ်မံတိုးချဲ့နိုင်မည့်အခြေအနေ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ ဆေးဝါးများရရှိမှု အခြေအနေနှင့် ဆေးကုသပေးနေမှုအခြေအနေတို့ကို မြို့မိမြို့ဖများ၊ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံဝန်ထမ်းများမှ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကာ ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့် ဓါတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကို နိုင်ငံတော်မှ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးပို့လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယာယီခွဲစိတ်ခန်းအတွင်း ဓါတ်ခွဲခန်းသုံးပစ္စည်းများ တပ်ဆင်ထားရှိမှုအခြေအနေနှင့် ဆေးစတိုအတွင်း ဆေးဝါးများသိုလှောင်ထား ရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဆေးရုံအတွက် လိုအပ်သည့် ဓါတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကိုပေးအပ်ရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူခဲ့ကြောင်း၊ ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း ၈၄ ဦးဖြင့် ကျန်းမာရေးစစ်ဆေး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာပေါင်း ၁၄၂၄ ဦးအား ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်၍၊ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း ၂၈၅ ဦးဖြင့် လူနာပေါင်း ၁၃၆၇၇ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး ကုသရေးပစ္စည်းများနှင့်ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(ဖလမ်းမြို့)သို့ ရောက်ရှိရာ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုပေးနေသည့် အခြေအနေများနှင့်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)နှင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ၊ အုပ်စု/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

Most Read

Most Recent