အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အနေဖြင့် ပတ်သက်မှုမရှိစေချင်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NCPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCPNC နှင့် DKBA တို့ တွေ့ဆုံစဉ် ပြောကြားသည်။
NCPNC နှင့် DKBA တို့ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ NCPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ DKBA စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ အမှတ် (၁) ကွပ်ကဲရေးမှူး စောထူးအောင်၊ နည်းဗျူဟာမှူး စောအောင်ထူး၊ စီးပွားရေးတာဝန်ခံ စောနေဘလု၊ ကုန်သွယ်ရေးဒုတိယဌာနမှူး စောမြင့်ဦးတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် NCPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို နောင်မျိုးဆက်သစ်များအတွက် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများနှင့် DKBA အနေဖြင့်လည်း ပတ်သက်မှုမရှိစေချင်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတမှ ဦးစားပေးလုပ်ဆောင်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်းနှင့် ဒေသတည်ငြိမ်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့် အခြေအနေများအား ပြောကြားသည်။
ယင်းနောက် DKBA စစ်ဦးစီးချုပ် စောရွှေဝက နယ်မြေတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အား နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ပဋိပက္ခကာလများတွင်လည်း ဘက်မလိုက်ဘဲ ကြားနေ၍ သဟဇာတဖြစ်အောင် တည်ဆောက်ခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ကြာရှည်မှုနှင့် ပြည်သူများခံစားရမှု အခြေအနေများအား နည်းလမ်းများ ရှာဖွေရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အတူတကွဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ DKBA အဖွဲ့အား တည်ထောင်ခဲ့သည့် ယခင်ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက နယ်မြေဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူတကွ လက်တွဲဖော်ဆောင်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်အဖွဲ့များ နယ်မြေအတွင်းမရှိစေရေး၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ကျောက်ခတ်ဒေသရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းအဆင့်မြှင့်နိုင်ရေး၊ ပြဋ္ဌာန်းစာအုပ်များ ထောက်ပံ့ပေးရေး၊ ကျောင်း ဆရာ ဆရာမများ ဖြည့်ဆည်းနိုင်ရေး၊ ကျေးရွာများတွင် ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ ဖြစ်ပွားနေသဖြင့် ကာကွယ်ဆေး၊ ကုသဆေးဝါးများ ထောက်ပံ့ပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး NCPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က DKBA အဖွဲ့များ၏ နယ်မြေများမှ အဓိကနယ်မြေများဖြစ်သော ဝေါလေ၊ ကျောက်ခတ်၊ ဘုရားသုံးဆူတို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကင်းစင်ရေး၊ တပ်မတော်၊ နယ်မြေခံတပ်များ၊ တိုင်းစစ်ဌာနချုပ်၊ ဒေသအစိုးရအဖွဲ့များနှင့် လက်တွဲပူးပေါင်းတိုက်ဖျက်နိုင်ရေး၊ လက်ရှိကရင်ပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲများအရ မြေပြင်လုံခြုံရေးအခြေအနေများ၊ စစ်ဆင်ရေးအခြေအနေများနှင့်ပတ်သက်၍ DKBA အဖွဲ့အနေဖြင့် တပ်မတော်၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နှင့် ဆက်သွယ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေး၊ ဒေသတည်ငြိမ်ရေး၊ အေးချမ်းရေးအတွက် တိုက်ပွဲများ လျှော့ချရပ်တန့်စေမှုမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အလေးထားလုပ်ဆောင်ရေး၊ နှစ်ဖက်အလွတ်သဘော ဆွေးနွေးမှုများမှ တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးကိုဦးတည်သော ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများမှ ပိုမိုထိရောက်သော၊ ရိုးသားပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးတို့အား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုကြသည်။
ယင်းနောက် DKBA စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး NCPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ဧပြီ ၂၁ တွင် ကမ်းလှမ်းဖိတ်ခေါ်ထားသည်။















