Written by - ဉာဏ်လင်းဦး
အချိန်တွေက ဘာမှမဟုတ်ဘဲ ကုန်ဆုံးသွားသည်ဟု ထင်ရသည်။ မနေ့တစ်နေ့ကလိုပဲ ဟု ပြောရတော့ မလောက် မြန်ဆန်နေခဲ့သည်။ မျက်စိအောက်က မြင်ကွင်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကျောင်းသားဘဝအဖြစ်အပျက်များက ပြက်ပြက်ထင်ထင် ဝေ့ဝဲလာသည်။ ဒီလိုညများ၊ ဒီလိုမီးရောင်မှာ ဆို့နင့် ပြည့်အင့်နေသောစိတ်၏ ထရံပေါက်သာသာ ထွက်ပေါက်ကလေး။
ထိုက်သင့်သော အားစိုက်ထုတ်မှုနောက်ကွယ်က အကြောင်းရင်းမှာ မာကျရီမီးရောင်အောက်မှာ ဖိအား ကင်းကင်း လွတ်လွတ်လပ်လပ် လမ်းလျှောက်ချင်ရုံမျှသာ။ ဆယ်တန်း ဆန်းတယ်ဆိုပြီး Bio ထိုင်ငိုတို့၊ Physics ဖိစစ် တို့၊ သင်လေချာလေ သချင်္ာတို့။ အမျိုးမျိုးသော ခြောက်လုံးလှန့်လုံးတွေ။ ပြီးတော့ ဆယ်တန်းက နတ်ကြီးတယ်ဟုဆိုသည်။ နတ်တင်ရမယ်တဲ့။ သြော် ကိုးကွယ်ယုံကြည်မှုပေပဲဟု တွေးနေတုန်း နတ်တင်ရမယ်ဆိုတာ နင်တတ်ရမယ်လို့ ပြောတာတဲ့။ ဆယ်တန်းမှာ ဗန်းစကား ယောင်ယောင်၊ သီအိုရီယောင်ယောင်တွေနဲ့ အရင်ကြုံရသည်။ နောက်မှ စာနှင့်ဆုံရသည်။
ဆယ်တန်းသည် အချိန်တိုင်း စာနှင့်သာ လုံးပန်းနေရသဖြင့် အားလပ်ချိန်တိုင်းသည် အရသာရှိ၊ တန်ဖိုးရှိပြီး အသက်ရှူချောင်လွန်း လှသည်။ စာမလုပ်ချင်သူ ကျွန်တော့်အတွက်တော့ အလွန်တစ်ရာ လေးလံသော တံပိုးကြီးတစ်ခု ပခုံးပေါ်ရောက်နေသလိုမျိုး။ သာသာယာယာပဲဆိုတာ စကားလုံးအဖြစ်တောင် မကြားကြရသောကာလ။ သာတောင့်သာယာ အားလပ်ချိန်များထဲမှ တစ်ခုမှာ ညဂိုက်တန်းပြီး၍ အဆောင်ရှေ့ထွက်ရချိန်ဖြစ်ပါသည်။ တန်ခိုးလျှံတဲ့ အဖိုးတန်အချိန်လေး။
ည ၁၁ နာရီ။ သက်ကြီးခေါင်းချပြီး၍ လူခြေတိတ်ချိန်။ လေတဖြူးဖြူးသည် အေးအေးညင်းညင်းကလေး။ ပိတောက်ရွက်များ ဘယ်ညာယိမ်းနွဲ့လျက်။ ဓာတ်တိုင်များတွင် သံယောဇဉ်နွယ်များငင်လျက်။ လမ်းတစ်ဖက် က အုန်းလက်မှာ မလှုပ်ချင်၊ လှုပ်ချင်။ စိတ် မပါ့တပါ လရောင်ဟာ ကျွန်တော်တို့ကို မျက်နှာလွှဲ ခဲပစ်။ ဓာတ်တိုင်ထိပ်က မာကျူရီကတော့ ကတ္တရာလမ်းမပေါ် ဖွေးခနဲ ဖြာကျပေးထားသည်။ အလင်းရောင်ထဲရှိ အမှုန်များမှာ လမ်းမနှင့် မီးသီးကို ကူးနေသယောင်။ ၀ါကျင့်ကျင့်အေးစက်စက် မာကျူရီရောင်ကတော့ ကျွန်တော့်ကို ဆွဲဆောင်နေသည်။ လူခြေတိတ်နေသဖြင့် ပတ်ဝန်းကျင်လောကကြီးသည် အလွန်တစ်ရာ ကျယ်ပြောနေပြီး လမ်းမတစ်လျှောက်ကို ကြည့်လိုက်လျှင် အဝါရောင်ဓာတ် မီးတစ်လက်ကို အလျားလိုက် ထိုးထားသ ယောင်။ လောကပြင်ကျယ်ကြီးဟု ခံစားရသည်။ ဆိတ်ငြိမ်အေးမြလင်းပျပျရှိသော ဝန်းကျင်တစ်ခို။ ကျွန်တော်နှစ်မြို့သော ဥတုဝန်းကျင် အခြေအနေဖြစ်ပါသည်။
သို့သော် ကျွန်တော် မပျော်နိုင်ပါ။ ကျွန်တော့်စိတ်ထဲတွင် အစိုင်အခဲကြီးက ရှိနေသေးသည်။ ရင်ထဲက အလုံးကြီးက ကျမသွားသေး။ ရက်အနည်းငယ်သာ လိုတော့သော စာမေးပွဲသည် ကျွန်တော်တို့စိတ်တွေကို ယူဆောင်သွားရာ ပျော်ရွှင်ဝမ်းမြောက်မှုတွေပါ ကပ်ပါသွားသည်။ တစ်ယောက်နှင့်တစ်ယောက် တွေ့လျှင်တောင် ယဲ့ယဲ့ကလေးသာ ပြုံးပြနိုင်ကြတော့သည်။ တစ်နေ့တစ်နေ့ မနက် ၅ နာရီထပြီး တစ်နေကုန် စာကြည့်၊ ည ၁၁ နာရီ၊ ၁၂ နာရီမှ အိပ်ရာထဲ ကျောခင်းနိုင်တော့သည်။ ဂိုက်တန်းပြီး၍ အဆောင်တံခါးထွက်ပိတ်ချိန်တွင်တော့ လောကကြီးကို ဖျတ်ခနဲကြည့်ခွင့်ရသည်။ ပြင်ပလောကကြီးသည် အေးချမ်းလွန်းလှပါဘိ။ ဆိတ်ငြိမ်လွန်းလှပါဘိ။ လောကလူသားတွေ အိပ်မောကျနေကြလောက်ပါပြီဟု တွေးရင်း ဘော်ဒါထဲပြန်ဝင်ခဲ့ရသည်က များပါသည်။
ကျွန်တော့်စိတ်ကို ချည်နှောင်ထားသော ဆယ်တန်းစာမေးပွဲကြီးကို ပြီးပြတ်ချင်လွန်းသည့် စိတ်များသာ စိုးမိုးနေသဖြင့် မရယ်နိုင်၊ မပြုံးနိုင်ဖြစ်နေသည်တော့လည်း မဟုတ်ပါ။ ကျွန်တော်က အခြားသူများထက်တော့ ပေါ့ပါး သည်။ စာပေါ်၌ စိတ်တအားမရှိ။ သံသေတ္တာ အောက်ဆုံးတွင် သတင်းစာများဖုံး၍ထည့် လာသည့်စာအုပ်များရှိနေသည်။ အချိန်ရတိုင်း ဖတ်နေနိုင်သဖြင့်လည်း ကျေနပ်သည်။ အမေကတော့ ကျောင်းစာပဲ လုပ်စေချင်သည်။ ကျွန်တော်က ကျွန်တော်သိချင်တာတွေ သိနေရသဖြင့် စာအုပ်ကိုသာ ဖတ်ချင်နေခဲ့သည်။ စာမေးပွဲနားနီးလာသော်လည်း တစ်ယောက် နှင့်တစ်ယောက် အနင်းအနှိပ်မပျက်၊ လှေကား ပေါ် စကားထိုင်ပြောမပျက်။
ညဂိုက်တန်းချိန်ပြီးတိုင်း ဘော်ဒါတံခါး ပိတ်ရာရအောင်လိုက်သည်။ အသက်ရှူချောင်ပြီး လေကောင်းလေသန့် ရသည်။ သာယာရှုချင့်စဖွယ်သော ကမ္ဘာလေးတစ်ခုကို ရောက်ရသလိုကို ခံစားမိသည်။ ထို့ထက်ပို၍ လမ်းလေးကို အသက်ဝင်နေစေသော မာကျူရီ မီးများကို မျက်စိတစ်ဆုံး လိုက်ကြည့်ရသည့် ခံစားချက်။ ဘော်ဒါပြင်ထွက်လိုက်တိုင်း စိတ်ကိုသာယာနေစေတာ မာကျူရီကြောင့်ပဲဖြစ် မည်ထင်သည်။ ဖိအားတွေနှင့် နောက်ဆံ တငင်ငင်စိတ်နှင့်တောင် နေရထိုင်ရ ပေါ့ပါးလွတ်လပ်သွားသည်ဟု ခံစားရသော မာကျူရီ။ တစ်ခါတစ်ရံ ဂိုက်တန်းမစခင် ဘော်ဒါအပြင်ထွက်မိ၍ မာကျူရီအောက် ပလက်ဖောင်းပေါ်တွင် တစ်ယောက်ယောက် လမ်းလျှောက်သွားနေသည်ကို မြင်လျှင် အားကျလိုက်ပါဘိခြင်း။ သြော် ဘာဖိအားမှမရှိဘဲ နေနိုင်လိုက်တာ၊ သာယာလိုက်တာ၊ သူ့လိုပေါ့ ပါးလွတ်လပ်စွာ လမ်းလျှောက်ချင်စမ်းပါဘိ။ စာမေးပွဲကလည်း ကြာလိုက်တာ။ ပြီးချင်လှပြီ။ အစိုင်အခဲကြီးကို ရင်ထဲသိမ်းမထားချင်။
ညဂိုက်တန်းပြီးချိန် အပြင်ထွက်လျှင်တော့ လူသူကင်းရှင်းနေသဖြင့် အခြားသူများလို လမ်းလျှောက်ချင် လိုက်တာဆိုတာထက် မာကျူရီအောက်မှာ လမ်းလျှောက်ချင်လိုက်တာဟူသော စိတ်သာရှိသည်။ လေလေးတဖြူး ဖြူး တိုးဝှေ့လာလျှင် ပိုလို့တောင် ဖြစ်ချင်သွားသည်။ ကျွန်တော့်အတွေးများကို မည်သူမျှ မကြား။ မည်သူမျှမမြင်။ တစ်လောကလုံး အိပ်မောကျနေကြပြီ။ ကျွန်တော်တို့သာ အခုမှ လောကကြီးကို ခဏချောင်းမြောင်းကြည့်နိုင်သည်။ ခဏလေးပါပဲ။ သာယာချိန်လေးဟာ တစ်ခဏမျှသာ။ နေ့လယ်နေ့ခင်း အရမ်းအိပ် ချင်နေချိန်တွင် အချိန်အနည်းငယ်မျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ရလျှင် အိပ်ရေးဝသွားသလိုမျိုး လမ်းမပေါ်တက်ပြီး မာကျူရီအောက် ရပ်၊ လမ်းတစ်ဖက်တစ်ချက်ကို တစ်ဆုံးငေးရီ ကြည့်လိုက်ရလျှင် အာသာပြေသွားသည်။ ဖိအားကင်းကင်းနှင့် မာကျူရီအောက်လမ်း လျှောက်ချင်သဖြင့် စာကြိုးစားလိုစိတ်များ လည်း တဖွားဖွားပေါ်လာသည်။
တစ်နေ့တစ်နေ့ ဘော်ဒါရှေ့ထွက်၊ မာကျူရီအောက်ရပ်ပြီး ဖိအားမရှိသည့်အထာနှင့် လမ်းလျှောက်ရသည်ကို စွဲလမ်းလာသည်။ ထိုသို့ လမ်းလျှောက်ခြင်းသည် ကျွန်တော့်အတွက် မိုတီဗေးရှင်းဖြစ်သည်။ စာလုပ်ချင်စိတ် ကို မြေတောင်မြှောက်ပေးသည်။ ဘဝရည်မှန်းချက်သည်လည်း မာကျူရီအောက်တွင် ဖိအားကင်းကင်းနှင့် လမ်းလျှောက်လိုခြင်း ဖြစ်လာသည်။ စာမေးပွဲပြီး၍ မအောင်လျှင် ဤဖိအားမှ လွတ်မည်မဟုတ်သဖြင့် စာမေးပွဲ အောင်ချင်သည်။ စာအုပ်များကိုဖတ်ရင်း စာရေးချင်သည့်စိတ်လည်း ခိုင်မာစွဲမြဲလာသည်။ မရေးရမနေနိုင်သဖြင့် စာစီစာကုံးရေးရတိုင်း စာဆိုတစ်ဦးကဆိုပြီး ကျွန်တော့်ကဗျာတွေ ထည့်ရေးသည်။ ဆရာကလည်း ကျွန်တော် ရေးထည့်သော ကျွန်တော့်ကဗျာများကို စာဆိုတစ်ဦးဦးက ရေးခဲ့သည်ဟု ထင်လောက်သည်ဟုလည်း ထိုစဉ်က တွေးမိသည်။ ထိုသို့ လုပ်လာသည်မှာလည်း ကိုးတန်းကတည်းကပင်။ ဆရာများကလည်း ဘာမှတော့မပြောပါ။ ကောင်းကင်ကို အဇဋာဟု သုံးနှုန်းသည်ကိုတော့ မင်နီဖြင့် နှစ်ခါအဝိုင်းခံရပါသည်။ ဘာ့ကြောင့်လဲတော့ ကျွန်တော်အခုအထိ နားမလည်ပါ။ ထိုစဉ်က ရေးထည့်ခဲ့သော ကဗျာများကိုတော့ ပြန်လိုချင်မိသည်။ ရယ်စ ရာကောင်းနေနိုင်သော်လည်း ထိုစဉ်က အတွေးများကို ပြန်လည်ရရှိနိုင်ပေမည်။ လုပ်ချင်ရာတွေလုပ်နိုင်၊ ကျွန်တော်လုပ်ချင်သည့် အရာများသည်လည်း ကျောင်းသုံးမြန်မာစာနှင့် နှီးနွှယ်နေသဖြင့် အဆင်ပြေနေသည်။ ညဂိုက်တန်းပြီးချိန် အပြင်ထွက်ရတိုင်း စာမေးပွဲအောင်ချင်သည့်စိတ်ကို ထိန်းမရ။ အထဲပြန်ရောက်တော့လည်း စာမကျက်ဘဲ စာဖတ်၊ စာရေးသာ လုပ်ချင်နေသည်။ ညဉ့်နက်သည်အထိ ထိုင်စကားပြောချင်ပြောသည်။ ညဉ့် နက်သည်အထိ ကျောဆန့်ရင်း စိတ်ကူးထဲတွင် မာကျူရီအောက် လျှောက်ကြည့်သည်။ စာမေးပွဲလည်းအောင် စာလည်းရေးနိုင်သည့်အချိန် မာကျူရီအောက်များ လျှောက်လိုက်ရလို့ကတော့ကွာဆိုပြီး တစိမ့်စိမ့်ရွှင်မြူး နေတတ်သေးသည်။ ၀ါသနာမှာ စာရေးခြင်းဖြစ်ပြီး ဘဝရည်မှန်းချက်မှာ မည်သည့်ဖိအားမျှမရှိဘဲ လွတ်လပ်ပေါ့ပါးစွာ မာကျူရီအောက် လျှောက်လိုခြင်းဖြစ်ပါသည်။
ဆယ်တန်းပြီး၍ မာကျူရီအောက် လျှောက်မိသည့်အခါတွင် အတော်ပင် လွတ်လပ်လန်းဆန်းသွားပါသည်။ သို့သော်လည်း ပြည့်ပြည့်ဝဝမဟုတ်။ မဂ္ဂဇင်းတွင် စာမူမပါသေးသဖြင့် နောက်ဆံတင်းနေရသေးသည်။ ဖိအားကင်းကင်းဟု တွေးမိလိုက်လျှင် တွေးစရာတွေက ပိုပိုများလာသည်။ ဖိအားကင်းဖို့ အရေးသည် ပြီးပြည့်စုံနေမှ ဖိအားကင်းမည် ဖြစ်သည်။ မပြည့်မစုံဖြစ်နေလျှင် ထိုဖိအားက ပခုံးပေါ်ပိနေဦးမည်။ ဆယ်တန်းဖြေနေချိန်က ဆယ်တန်းပြီးလျှင် ဖိအားကင်းမည်။ တက္ကသိုလ် တက်တော့လည်း ဘွဲ့ရလျှင် ဖိအားကင်းမည်။ ဘွဲ့ရတော့လည်း အလုပ်ရလျှင် ပုံမှန်ဝင် ငွေလေးဖြင့် ဖိအားကင်းကင်းနေနိုင်မည်။ ထိုသို့ စဉ်းစားရင်းစဉ်းစားရင်း မာကျူရီအောက်တွင် အမှန်တကယ် ပေါ့ပေါ့ပါးပါး လမ်းမလျှောက်နိုင်ခဲ့ပါ။ တစ်ခုပြီးတစ်ခု ဖိအားတွေက ဆက်ဆက်လာသည်။ အဖေက ကျွန်တော်တို့ကို ညဘက်အပြင်မထွက်ခိုင်းပါ။ ဆယ်တန်းပြီးချိန် သူငယ်ချင်းနှင့် ပစ္စည်းဝယ်ရင်း အပြင်ထွက်ရတော့ အသက်ရှူရခြင်းသည် ပင် အရသာရှိနေခဲ့ပါသည်။ ဖိအားများကိုလည်း မတွေးမိတော့ပါ။ မဂ္ဂဇင်းတွင် စာမူမပါ သေးဘူးဆိုတာကိုတော့ တွေးမိသည်။ သို့သော်လည်း မိုးမမြင်လေမမြင်ပျော်ခဲ့ရသည်။ နောက်ရက်များတွင်တော့ ထိုသို့ မပျော်ရတော့ ပါ။ ပြီးပြည့်စုံမှုဆီရောက်ချင်သည့် စိတ်ကများ လာသည်။
ကိစ္စများမြောင် လူတို့ဘောင်သည် လူ့ဗာဟီရကိစ္စများနှင့် ရောပြွမ်းရှုပ်ထွေးနေသည်သာ။ ထိုကိစ္စများကြောင့်ပင် တစ်ခါတစ်ရံတွင် မာကျူရီအောက် လျှောက်လိုသည့် ဆန္ဒကိုပင် မေ့လျော့နေခဲ့သည့် အချိန်များရှိသည်။ ခေါင်းမဖော်နိုင်လောက်အောင် ရှုပ်ထွေးနေချိန်များတွင် တစ်ခုပြီးတစ်ခုဖြေရှင်းရင်း လုံးလည်ချာလည် လိုက်နေခဲ့သည်။ တစ်ချက်တစ်ချက်တွင်တော့ မာကျူရီအောက် အရောက်လှမ်းလိုသည့်စိတ်က စေ့ဆော်လာ တတ်ပါသည်။ တစ်ခုခုကို ပြီးမြောက်အောင် မြင်အောင်လုပ်ကိုင်ပြီးသည့် အချိန်များတွင် ပိုလို့ပင် မာကျူရီအောက်တွင် လမ်းလျှောက်ချင်ပါသည်။ နေ့စဉ်နေ့တိုင်း မာကျူရီအောက် လျှောက်နေလျှင်တော့လည်း လျှောက်နေရသည်မှာ အဓိပ္ပာယ်ရှိတော့မည် မထင်ပါ။ အခက်အခဲမရှိလျှင် ပျော်စရာမရှိဟူသကဲ့သို့ ကြိုးစား လုပ်ကိုင်၍ အောင်မြင်သွားခြင်း၊ ဖြေရှင်းဆောင်ရွက်၍ ချောမွေ့ပြေလည်သွားခြင်း တစ်ခုခုတော့ရှိမှသာ မာကျူရီအောက်တွင် လျှောက်ရခြင်းမှာ နှစ်သက်စရာကြည်နူးချမ်း မြေ့စရာဖြစ်မည်ထင်ပါသည်။
ကိစ္စတစ်ခုနှင့် ညဘက်အပြင်ထွက်လာရင်း လမ်းလယ်ကျွန်း၌ မာကျူရီက အုန်းလက်များပေါ် စီးကျနေသည်ကို မြင်ရသဖြင့် ဆိုင်ကယ်ကို မာကျူရီမီးတိုင်အောက်တည့်တည့်သို့ ကပ်သွားပြီး မာကျူရီမီးရောင်ကို အရသာခံ ၍မောင်းနေခြင်းဖြစ်ပါသည်။ လေပြည်တွင် လှုပ်ခတ်ယိမ်းနွဲ့နေသည့် အုန်းလက်များသည် မာကျူရီကြောင့် ပိုပြီးစိုလက်နေသည်။ မာကျူရီကြောင့် ပျော်မြူးနေပုံရသည်။ မာကျူရီသည် လမ်းမပေါ်လည်း ဖြန့်ကြက် ထားသည်။ ဆယ်တန်းတုန်းက ဘော်ဒါအပြင်ထွက်ပြီး ရင်ထဲက စာမေးပွဲအလုံးကြီးနှင့်အတူ မာကျူရီအောက် ခဏတစ်ဖြုတ် လျှောက်ခဲ့ရသည့် အချိန်များကို မြင်ယောင်လာသည်။ အချိန်တွေက ဘာမှမဟုတ်ဘဲ ကုန်ဆုံးသွားတယ်ထင်ရသည်။ မနေ့တစ်နေ့ကလိုပဲဟု ပြောရတော့မလောက် မြန်ဆန်နေခဲ့သည်။
ထိုစဉ်က အချိန်များနှင့်ယှဉ်၍ လက်ရှိအချိန်ကို တွက်ဆကြည့်မိလာရာတွင် ဆယ်တန်းတုန်းကလိုမျိုး ဖိအားတွေမရှိဘဲ မာကျူရီအောက်တွင် လျှောက်လိုသည့်ဆန္ဒများ ပြည့်မြောက်နေပြီဟု ခံစားလာရသည်။ ဖြတ်တိုက်လာသည့် လေပြည်နှင့် ဆိုင်ကယ်၏အရှိန်တို့ကြောင့် ကျွန်တော့်အကျႌစသည် တဖျတ်ဖျတ် လွန့်လူးယမ်းခါနေသည်။ ထို့အတူ ကျွန်တော့် နှလုံးသားသည်လည်း တဖျတ်ဖျတ်တလှပ်လှပ် လွန့်လူးနေသည်။ ပြီးပြည့်စုံမှုကို လက်အတွင်းမှာ ဆုပ်ကိုင်ထားမိကြောင်း ထင်ရှားလာသည်။ သမီးလေး၏ ရယ်သံတခစ်ခစ်ကို သုံး လေးကြိမ်မျှ ကြားရ၊ မြင်ရသည်ကို မြင်ယောင်လာသည်။ ငါးလသားအရွယ်သည် ရယ်ရွှင် ပြုံးတုံ့၊ မပြုံးတုံ့သာရှိကြသော်လည်း ကျွန်တော်တို့အတွက် ရတောင့်ရခဲအချိန်များတွင်တော့ သမီးလေးသည် အသံထွက်၍ တခစ်ခစ်ရယ်နေပေပြီ။ လှုပ်ယမ်းဆော့ကစား၍ ပြုံးပြနေခြင်းကိုကြည့်၍ သမီးလေး ပျော်ရွှင်နေ ကြောင်းသိရသဖြင့် ရင်ထဲတငြိမ့်ငြိမ့်တသွင်သွင် ဖြစ်ရပါသည်။ ထို့ထက်ပို၍ တခစ်ခစ် ရယ်နေပုံများကတော့ တကယ့်ပီဘိ စမ်းရေ ပမာပေ။ “ငှက်ကလေးများရဲ့ တေးချင်းထက်ကို ချိုမြတာ” ဆိုတာ တကယ်ပါ။ အမောကို ပြေသွားတာပဲဆိုတာထက် အများကြီးသာပါသည်။ ကျွန်တော်တို့ဇနီးမောင်နှံသည် ပြောပြခြင်းငှာ မစွမ်းနိုင် သော ခံစားမှုများနှင့်အတူ ပါးစပ်က နားရွက်သွားချိတ်တော့မလောက် ဖြစ်ခဲ့ကြရသည်။ ပြီးပြည့်စုံမှုကို ရှာဖွေတွေ့ရှိ ခဲ့ရပါပြီ။ ထိုပြည့်စုံမှုများအားဖြင့် ကျွန်တော်မာကျူရီအောက်မှ ယုံကြည်ချက်ရှိရှိ ဖြတ်ခဲ့ပါသည်။
ကျွန်တော်သည် သမီးလေး၏ တခစ်ခစ်ရယ်သံများကြောင့် ဖိအားကင်းကင်းဖြင့် လွတ်လပ်ပေါ့ပါးစွာ ပြီးပြည့်စုံမှု၊ ကျေနပ်မှု၊ ပျော်ရွှင်မှုများဖြင့် မာကျူရီအောက်တွင် ဖြတ်လျှောက်နိုင်ခဲ့ပါသည်။ နောင်လာမည့် မာကျူရီည များတွင်တော့ သမီးလေးကိုချီပိုး၍ ဇနီးလက်ကိုဆွဲကာ မာကျူရီအောက်တွင် လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်း နိုင်ရေးကို မျှော်လင့်ရင်း ကျွန်တော် ကြိုးစားရပါဦးမည်။












