ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရာတွင် MSME စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။
ဇူလိုင် ၇ ရက်က ဟားခါးမြို့ ပြည်ထောင်စုရိပ်သာရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ကျရာကဏ္ဍများတွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ အဓိကလုပ်ငန်းတာဝန်မှာ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုရာတွင် ရုံးများ၊ ဆေးရုံနှင့် ကျောင်းများ၊ အဆောက်အဦများ ပြန်လည်ပြုပြင်/ တည်ဆောက်ခြင်း လုပ်ငန်းများအပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သို့ လာရောက်ပြီး နေရာအနှံ့သွားရောက်၍ အောက်ခြေအထိ အသေးစိပ် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဦးစားပေးအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှ အတွင်းရေးမှူး အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့်အတူ တီးတိန်မြို့၊တွန်းဇံမြို့နှင့် ဖလမ်းမြို့တို့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူးဖြစ်သာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇင်ထွန်းမှ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌ၊ မိမိမှာ အတွင်းရေးမှူးဖြစ်ပြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှာ တွဲဖက်အတွင်းရေးမှူး အပါအဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ပြန်လည်ဝင်ရောက်၍ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လိုအပ်သည့် ရုံးအဆောက်အဦများ ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမှုရှိရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းရာတွင်လည်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဖြစ်မနေလိုအပ်သည့် ဌာနများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီတွင် ပါဝင်ခြင်းမရှိသည့် ဌာနများအနေဖြင့်လည်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် စဉ်ဆက် မပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်တို့ကို ပြောကြားသည်။















