■ မငြိမ်းချမ်းတာ ဘာကြောင့်လဲ

■ မငြိမ်းချမ်းတာ ဘာကြောင့်လဲ
Published 8 July 2026

( ၁ )

“အရှင်ဘုရား လူနတ်ဗြဟ္မာ သတ္တဝါအများတို့သည် ရန်ငြိုးထားခြင်း၊ အပြစ်ဒဏ်ခတ်ခြင်း ကင်းလျက်၊ ရန်သူ ကင်းလျက်၊ စိတ်ဆင်းရဲခြင်း၊ အမျက်ထွက်ခြင်းကင်းလျက် နေနိုင်ရန် လိုလားတောင့်တကြပါသော်လည်း မိမိတို့ လိုလားတောင့်တသည့်အတိုင်း မနေကြရပါ၊ ဤသို့ မိမိတို့ လိုလားတောင့်တသည့်အတိုင်း မနေကြရခြင်းသည် အဘယ်သို့သော သံယောဇဉ်နှောင်ကြိုး ရှိနေခြင်းကြောင့်ဖြစ်ပါသနည်း”

 “သိကြားမင်း။ ဤသို့ မိမိတို့ လိုလားတောင့်တသည့်အတိုင်း မနေကြရခြင်းသည် ငြူစုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယဟူသော သံယောဇဉ်နှောင်ကြိုးရှိနေခြင်းကြောင့်ဖြစ်ပေ၏”

                                                     သက္ကပဉှသုတ်

                      ( ဓမ္မာစရိယ ဦးမောင်မောင်လေး

                                     ဒီဃနိကာယအနှစ်ချုပ်)

( ၂ )

သက်ရှိသတ္တဝါမှန်သမျှ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတဲ့သူချည်းပါပဲ။ ဘယ်သူမှ ရန်မဖြစ်ချင်ကြဘူး။ ဘယ်သူမှ ဘေးအန္တရာယ်ကြားထဲမှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ မနေချင်ကြဘူး။ ဘေးအန္တရာယ်ကင်းလို့ ရှင်းလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ပဲ နေချင်ကြတယ်။ အောက်ထစ်ဆုံး ပိုးမွှားတိရစ္ဆာန်တွေ၊ တခြား သတ္တဝါကို သတ်ဖြတ်စားသောက်တတ်တဲ့ သားရဲတိရစ္ဆာန်တွေတောင် ဘေးရန်ကင်းချင်တဲ့ ဆန္ဒ၊ ငြိမ်းချမ်းစွာနေထိုင်ချင်တဲ့ဆန္ဒရှိကြတယ်။ 

အဲဒါကြောင့်လည်း ဘယ်နေရာကိုပဲ ကြည့်လိုက်။  လူတွေဟာ မိမိဘဝ၊ မိမိ မိသားစု၊ မိမိရပ်ရွာ၊ မိမိနိုင်ငံ လုံခြုံရေးအတွက် ငြိမ်းချမ်းသာယာရေးအတွက် နည်းမျိုးစုံနဲ့  သက်ဆိုင်ရာကဏ္ဍအလိုက် ခေတ်အဆက်ဆက် ကာကွယ်တယ်။ ဆောင်ရွက်ကြတယ်။ ကြိုးစားကြတယ်။ 

ဒါပေမဲ့ သတ္တဝါတို့မှာ ယင်းဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေတာကိုပဲ တွေ့ရတယ်။ အနီးစပ်ဆုံး မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုပဲ လေ့လာကြည့်လိုက်ဦး။ မိသားစုဝင်အချင်းချင်း၊ ကျောင်းနေဖက်အချင်းချင်း၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်အချင်းချင်း တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပဋိပက္ခဖြစ်နေကြတယ်။ မကျေမနပ်ဖြစ်နေကြတယ်။ ရန်စောင်နေကြတယ်။ နောက်ဆုံး အငြိုးအတေး အာဃာတတွေနဲ့ ရန်ဖြစ်နေကြတယ်။ 

ကမ္ဘာအရပ်ကိုကို ကြည့်လိုက်ရင်လည်း ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နေကြရတာက အလွန်ရှားတယ်။ လူမျိုးတစ်စုနဲ့ တစ်စု၊ နိုင်ငံတစ်နိုင်ငံကြား ဝေဖန်ပြစ်တင်ပြောဆိုမှုတွေ၊ ပဋိပက္ခတွေ၊ ရန်စောင်မှုတွေ၊ အငြိုးအတေးတွေ၊ စစ်ပွဲတွေနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် ကြုံတွေ့နေရတယ်။ 

ဒီတော့ ဘယ်နေရာဒေသကိုပဲကြည့်ကြည့် အားလုံးလိုလိုက ဘေးရန်မရှင်း၊ အန္တရာယ်မကင်းဘဲ ကိုယ့်အပူနှင့်ကိုယ်၊ ကိုယ့်သောကနှင့်ကိုယ်ဆိုသလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတယ်။ ဆန္ဒနဲ့ လက်တွေ့ဘဝက မဟပ်မိသလိုဖြစ်နေကြတာ်။ ဒါကို ရည်ရွယ်ပြီး သိကြားမင်းက မေးခွန်းထုတ်လိုက်တာလို့ စာရေးသူ ခံယူမိပါတယ်။

မြတ်စွာဘုရားရှင်က  ဒီလိုဆန္ဒနဲ့ လက်တွေ့ဘဝ ကွာဟနေရခြင်းရဲ့အကြောင်းရင်းဟာ “ဣဿာနှင့် မစ္ဆရိယ” လို့ ဖြေဆိုတော်မူခဲ့တယ်။ မြတ်စွာဘုရားရဲ့အဖြေဟာ လိုရင်းတိုရှင်းဆိုပေမဲ့ အဓိပ္ပာယ်ကတော့ အင်မတန်မှ လေးနက်သလို နက်လည်း နက်ရှိုင်းတယ်။

(  ၃  )

“ဣဿာ” ဆိုတာ သူတစ်ပါးရဲ့ အောင်မြင်ကြီးပွားနေမှုကို မတွေ့ချင်၊ မမြင်ချင်၊ မကြားချင်တဲ့သဘောကို ဆိုလိုတာပါ။ တစ်စုံတစ်ယောက် (အထူးသဖြင့် မိမိပြိုင်ဘက်) က မိမိကို ကျော်တက်သွားမှာ၊ မိမိထက်သာသွားမှာကို မလိုလားဘူး။ အကယ်လို့ မိမိကို ကျော်တက်သွားခဲ့ရင်၊ မိမိထက်သာသွားခဲ့ရင်လည်း မကျေနပ်ဘူး။

 “မစ္ဆရိယ” ဆိုတာကတော့ မိမိအောင်မြင်သလို သူတစ်ပါးကို မအောင်မြင်စေလိုခြင်း၊ ကိုယ်ကြီးပွားသလို သူတစ်ပါးကို မကြီးပွားစေလိုတဲ့ သဘောပါ။ စာပေမှာ မစ္ဆရိယနဲ့ ပတ်သက်ပြီး အာဝါသ၊ ကုလ၊ လာဘ၊ ဝဏ္ဏ၊ ဓမ္မဆိုပြီး ငါးမျိုးဖွင့်ဆိုထားပါတယ်။ ပါချုပ်ဆရာ တော်ကြီးကတော့ “ကိုယ့်အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်” လို့ ဖွင့်ဆိုထားပါတယ်။ 

ဒီဣဿာနှင့် မစ္ဆရိယဆိုတာက အဘိဓမ္မာဒေသနာတော်အရ ဒေါသဂိုဏ်းသားတွေပါ။ တစ်နည်းအားဖြင့် ကိလေသာတရားတွေပါ။ ဒီတော့ သူတို့တွေ ကိုယ့်သန္တာန်ထဲ ဝင်လာပြီးဆိုတာနဲ့ အရင်ဆုံး ကိုယ့်စိတ်သန္တာန် မငြိမ်းချမ်းတော့ပါဘူး။ ပူလောင်ရပါပြီ။ ဆင်းရဲရပါပြီ။

အဲဒီကနေတစ်ဆင့် ဣဿာသမား၊ မစ္ဆရိယသမားတို့ရဲ့ တွေးမှုခေါ်မှုကြံစည်မှုတွေကလည်း ကောင်းတာတွေ မပါတော့ဘူး။ အမြဲတမ်း သူတစ်ပါးကို ဘယ်လိုဒုက္ခပေးရမလဲ။ သူတစ်ပါး ပစ္စည်းဥစ္စာ၊ ဂုဏ်သတင်းကို ဘယ်လိုဖျက်ဆီးရမလဲ။ ဘယ်လို လုယူရမလဲ စသဖြင့် မကောင်းတဲ့အတွေးအကြံတွေပဲဖြစ်နေမှာပါ။

ပြောတဲ့စကားသံတွေမှာလည်း ငြူစူစောင်းမြောင်းသံတွေ၊ အပုပ်ချသံတွေ၊ ကဲ့ရဲ့ပြစ်တင်သံတွေပဲ လွှမ်းမိုးနေမှာပါ။ လုပ်တဲ့ ကိုင်တဲ့အခါမှာလည်း ဒီအတိုင်းပဲ။ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့လုပ်ရပ်တွေ၊ အဖျက်လုပ်ငန်းတွေ၊ မတရားလုယူသိမ်းပိုက်မှုတွေ စသဖြင့် မဟုတ်တာမမှန်တာတွေ လုပ်တော့မှာပဲ။ အဲဒီအခါ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အချေအတင်တွေ ဖြစ်လာကြမယ်။ ပဋိပက္ခတွေဖြစ်လာကြမယ်။ ရန်ဖြစ်စကားများမှုတွေ ဖြစ်လာမယ်။ နောက်ဆုံး ထိုးကြကြိတ်ကြ ခုတ်ကြထစ်ကြနဲ့ ရန်ပွဲတွေ ဦးတည်သွားမှာပဲ။

(၄)

ငယ်ငယ်က မင်္ဂလာပွဲတစ်ပွဲကြုံဖူးတယ်။ သတို့သမီးရဲ့ ဦးလေးနှစ်ယောက်က ရွတ်တတ်၊ ဖတ်တတ်တဲ့သူတွေဆိုတော့ သူတို့တူမ မင်္ဂလာပွဲမှာ ဘိသိက်ဆရာမငှားဘဲ သူတို့ကိုယ်တိုင် ဘိသိက်မြှောက်တယ်။ ဒါပေမဲ့ ဘိသိက်အခမ်းအနား မပြီးခင်မှာပဲ မင်္ဂလာပွဲကို နားလိုက်ရတယ်။ ပြဿနာက မိုက်ကရိုဖုန်း လုတာကနေ စတာပါပဲ။ နှစ်ယောက်စလုံးက ဘိသိက်မြှောက်ချင်နေတော့ အဆင်မပြေတော့ဘူး။ ပထမ မိုက်ကိုင်ခွင့်ရထားတဲ့သူက နောက်တစ်ယောက်ကို မပေးချင်ဘူး။ ဟိုပြောဒီပြောနဲ့ စကားတွေ တရစပ်ပြောတယ်။ လူအနားလာရင် ရှောင်တယ်။ လာတောင်းရင် အော်ငေါက်လွှတ်တယ်။

မိုက်ကိုင်ခွင့်မရတဲ့ နောက် ဦးလေးတစ်ယောက်ကလည်း မိုက်ကိုင်ထားတဲ့သူကို မကျေနပ်ဘူး။ မျက်စောင်းတထိုးထိုးနဲ့။ ဘေးနားကနေ သူဟောတာပြောတာ ပုံစံမကျတဲ့အကြောင်း၊ လေကြောရှည်တဲ့အကြောင်း ပွစိပွစိလုပ်တယ်။ စကားပြောလို့ မရအောင် အနားသွားပြီး မိုက်ကို တောင်းတယ်။ ရိုးရိုးတောင်းမရတော့ အော်ငေါက်ရော။ ဒီလိုနဲ့ မင်္ဂလာပွဲပျက်မှာစိုးပြီး စောစောစီးစီး သိမ်းလိုက်ရတယ်။

ပြဿနာရဲ့ ဇာစ်မြစ်ကို ရှာလိုက်တော့ ဣဿာနဲ့ မစ္ဆရိယကြောင့်ပါပဲ။ ပထမ မိုက်ကိုင်ခွင့်ရတဲ့သူကလည်း သူများကို မပေးချင်ဘူး။ ပေးမပြောချင်ဘူး။ သူတစ်ယောက်တည်း ကိုင်ထားချင်တယ်။ ဟောချင်ပြောချင်တယ်။ လာတောင်းရင် မကြိုက်ဘူး။ ဒါက မစ္ဆရိယရဲ့ သဘောပါပဲ။ နောက်တစ်ယောက်ကလည်း မိုက်ကိုင်ထားတဲ့သူကို မကျေနပ်ဘူး။ တစ်ဖက်က ဟောနေပြောနေတာကို နားမထောင်ချင်ဘူး။ ဟောလို့ပြောလို့မရအောင် နှောင့်ယှက်တယ်။ နောက်ဆုံး လုယူတယ်။ ဒါက ဣဿာရဲ့ သဘောသဘာဝ။ 

ဒီတော့ ဒီဣဿာနဲ့ မစ္ဆရိယကြောင့် ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ရမယ့် မင်္ဂလာပွဲဟာ မလှမပ အဆုံးသတ်လိုက်ရတယ်။

ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ နယ်ပယ်တွေမှာလည်း ဒီအတိုင်းပဲ။ မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သွေးကွဲသွားကြတာ၊ စကားများကြတာ၊ ရန်ဖြစ်ကြတာဟာ များသောအားဖြင့် ဒီဣဿာနဲ့ မစ္ဆရိယကြောင့်ပဲ။

(၅)

သမိုင်းခရီးစဉ်တစ်လျှောက် မြင်တွေ့ခဲ့ရသော ကမ္ဘာစစ် အပါအဝင် လူမျိုးစုစစ်ပွဲတွေ၊ နယ်မြေလုစစ်ပွဲတွေ၊ နယ်ချဲ့စစ်ပွဲတွေ၊ ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေဟာ ဒီဣဿာနဲ့မစ္ဆရိယတရားဆိုးကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ။

မှန်ပါတယ်။ ဣဿာဓာတ် အားကြီးလာရင် အားကြီးလာသလို မိမိရဲ့ပြိုင်ဘက်ဖြစ်တဲ့ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံက မိမိလူမျိုး၊ မိမိနိုင်ငံထက် တန်ခိုးအာဏာ ကြီးထွားလာတဲ့အခါ၊ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ စသဖြင့် အင်အားသာလွန်လာတဲ့အခါ ဝမ်းမြောက်ဝမ်းသာနှင့် အားပေးအားမြှောက်ပြုကြတယ်ဆိုတာက အတော်ရှားတယ်။ များသောအားဖြင့် မိမိပြိုင်ဘက် တန်ခိုးအာဏာ မှေးမှိန်သွားအောင်၊ အင်အားယုတ်လျော့သွားအောင် ပျက်စီးရာပျက်စီးကြောင်း ကြံစည်ကြတယ်။ ဂုဏ်သိက္ခာကျဆင်းအောင် သွားပုပ်လေလွင့် ပြောဆိုရေးသားကြတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ပိုင်ခွင့်ကို သိသိသာသာ ဝင်ရောက်စွက်ဖက်ကြတယ်။ တစ်ခါတလေ ကိုယ်ထိလက်ရောက် ဖျက်ဆီးကြတယ်။ လုယူသိမ်းပိုက်ကြတယ်။ 

မစ္ဆရိယ အားကြီးလာလျှင် အားကြီးလာသလို စိတ်ထဲတွင် ဝန်တိုနေရုံတင်မကတော့ဘူး။ အခွင့်အရေးမှန်သမျှ မိမိကပဲ လက်ဝါးကြီးအုပ်နိုင်အောင်၊ မောင်ပိုင်စီးနိုင်အောင် ကြိုးစားကြတယ်။ မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိနယ်နိမိတ်ကို တခြားနိုင်ငံများ မလွှမ်းမိုးနိုင်ရေး၊ မိမိရဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံတွေနဲ့ သွားရောက်မပူးပေါင်းရေး၊ မိမိလက်ထဲရှိ စီးပွားရေးဈေးကွက်၊ လုပ်ပိုင်ခွင့်အာဏာများ သူတစ်ပါးလက်ထဲ မပါရေး၊ ခေတ်မီနည်းပညာများ သူတစ်ပါးဆီ မရောက်ရေး စသဖြင့် အရေးကိစ္စများအတွက် နည်းမျိုးစုံသုံးကာ ထိန်းချုပ်နေကြတယ်။ ခြယ်လှယ်နေကြတယ်။ တစ်ခါတရံ လက်ဦးမှုရယူတဲ့အနေအားဖြင့် မိမိဘက်ကပင် စတင်ပြီး တိုက်ခိုက်တတ်ကြသေးတယ်။ ဒါတွေက မစ္ဆရိယစိတ်ကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးတွေပါပဲ။ ဒီလိုနည်းတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်း အညီအမျှ မပြုလုပ်တော့ဘဲ မနာလိုမှု ဝန်တိုမှုကနေတစ်ဆင့် လူသန်းပေါင်းများစွာ သေကျေပျက်စီးကြတဲ့အထိ စစ်ပွဲများ ဆင်နွှဲကြတော့တယ်။

(၆)

အချုပ်ပြောရရင် ဣဿာနဲ့ မစ္ဆရိယ စိတ်ရှိနေသရွေ့ ဘယ်လောက်ပဲ ငြိမ်းငြိမ်းချမ်း ချမ်းနေချင်ပါတယ်လို့ပြောပြော ဆူပူအကြမ်းဖက်မှုတွေကြားမှာ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရမှာပဲ။ သောကတွေ ရင်ဝယ်ပိုက်ပြီး နေထိုင်နေကြရမှာပဲ။

ဒါကြောင့် မိမိနဲ့မိမိပတ်ဝန်းကျင် ငြိမ်းချမ်းချင်ရင် ဣဿာနဲ့ မစ္ဆရိယနေရာမှာ သူတစ်ပါးအောင်မြင်မှုကို အားရဝမ်းသာ လက်ခုပ်တီးပေးနိုင်တဲ့စိတ်၊ မျှဝေခံစားလိုတဲ့စိတ်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်တွေနဲ့ အစားထိုးနိုင်အောင် ကြိုးစားရပါ့မယ်။ ပုထုဇဉ်ပီပီ ဣဿာနဲ့ မစ္ဆရိယကို မပယ်နိုင်သေးဘူးဆိုရင်တောင် ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်မိသွားတဲ့အဆင့်အထိ မရောက်အောင် ထိန်းချုပ်ထားရမယ်။

လူတိုင်းလူတိုင်း ဒီလိုသာ ကြိုးစားနိုင်ရင် တစ်နေ့ ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာသွားမှာပါ။ တကယ်လို့ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုရင်တောင် မိမိသန္တာန်မှာ ဣဿာနဲ့မစ္ဆရိယတွေ နည်းပါးလာရင် နည်းပါလာသလောက် မိမိရဲ့ ကိုယ်စိတ်နှလုံးတော့ ငြိမ်းချမ်းလာမှာ အသေအချာပါပဲ။

 

Most Read

Most Recent