ယခု ၂၀၂၆ ခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်သည်။ နှစ်ပေါင်းတစ်ရာကျော်ကာလအတွင်း၌ တရုတ်ကွန်မြူနစ်ပါတီသည် သမိုင်းတစ်လျှောက် တရုတ်လူမျိုးများ၏ ကြီးကျယ်ခမ်းနားသောစာမျက်နှာများကို ရေးထိုးနိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူကိုဗဟိုပြုသောအင်စတီကျူးရှင်းများ၊ တိုင်းပြည်အုပ်ချုပ်ရေးစနစ်များက တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများ လက်ရှိအခြေအနေသို့ရောက်အောင် မောင်းနှင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အောင်မြင်မှုက အခြားကမ္ဘာ့တိုင်းပြည်များနှင့် လူသားမျိုးနွယ်အတွက် မည်ကဲ့သို့အဓိပ္ပါယ်ဆောင်ပါသနည်း။ တရုတ်နိုင်ငံ၏စနစ်များက လူသားမျိုးနွယ်အတွက် မည်ကဲ့သို့အကျိုးပြုနေသနည်း။
ဤမေးခွန်းနှင့် ပတ်သက်၍ Global Times သတင်းဌာနတွင်ဖော်ပြထားသော လေ့လာသုံးသပ်သူအချို့၏ အတွေးအမြင်များထဲမှ Beihang University မှ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ ရှင်မင်း၏ လေ့လာသုံးသပ်ချက်ကို ပြန်လည်၍ တင်ပြလိုပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော တရုတ်နိုင်ငံ၏ အင်စတီကျူးရှင်းများ၏ တန်ဖိုး၊ အတွေးအခေါ်နှင့် ယန္တရားလည်ပတ်ပုံ တစ်စိတ်တစ်ပိုင်းတို့ကို လေ့လာကြည့်နိုင်ပါသည်။
Beihang University သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိတက္ကသိုလ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအောက်တွင်ရှိသော တက္ကသိုလ်တစ်ခုဖြစ်သည်။ Beihang University မှ ပရော်ဖက်ဆာတစ်ဦးဖြစ်သည့် “ရှင်မင်း”က အောက်ပါအတိုင်းမှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
၂၀ ရာစုအလယ်မှစတင်ကာ တရုတ်နိုင်ငံသည် ခေတ်အမီဆုံးနှင့် အလှပဆုံးသောပုံရိပ်များကို အဖြူရောင်စက္ကူပေါ်မှာ ရေးဆွဲထားခဲ့ပြီး ပြည်သူကိုတိုင်းပြည်၏အရှင်သခင်အဖြစ် ဦးထိပ်ထားသော ဆိုရှယ်လစ်နိုင်ငံတော်တစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ အနောက်နိုင်ငံများက နိုင်ငံရေးအရဝိဝါဒကွဲပြားခြင်းနှင့် နိုင်ငံရေးစည်းလုံးညီညွတ်မှုမရှိဘဲ အစွန်းဘက်ရပ်တည်ခြင်းများ၊ လူမှုရေးခွဲခြားမှု/ကွာခြားမှုနှင့် အုပ်ချုပ်မှုအရည်အသွေးတို့ကျဆင်းခြင်းများ ရင်ဆိုင်ကြုံဆုံနေကြရချိန်တွင် တရုတ်နိုင်ငံကတော့ ကြီးမားသော ပစ္စလက်ဆန်သည့် အောင်မြင်မှုကြီးနှစ်ခုကို ရရှပိုင်ဆိုင်ထားကာ တစ်ခုက အလျင်မြန်ဆုံးသောအရှိန်ဖြင့် စီးပွားရေးတိုးတက်နေမှုဖြစ်ပြီး နောက်တစ်ခုက ကာလရှည်ကြာလူမှုရေး တည်ငြိမ်မှုပင်ဖြစ်သည်။
ထို့ကြောင့်လည်း အနောက်တိုင်းပညာရှင်နှင့် ကမ္ဘာအနှံ့က နိုင်ငံရေးသိပ္ပံပညာရှင်တို့က “ဘာကြောင့် တရုတ်နိုင်ငံက အခြားနိုင်ငံများနှင့်မတူဘဲ ကွဲပြားခြားနားနေရသလဲ” ဆိုသည့် မေးခွန်းကို အသည်းအသန် ရှာဖွေလေ့လာကြတော့သည်။ ဤမေးခွန်း၏အဖြေကို ရနိုင်ရန်နှင့် တရုတ်နိုင်ငံ၏အုပ်ချုပ်မှုပုံစံကို နားလည်နိုင်ရန်မှာ ထိုအုပ်ချုပ်မှုပုံစံကို ပုံဖော်ပေးနေသော “တရုတ်နိုင်ငံကကျင့်သုံးသည့်စနစ်” ကို ပထမဆုံးနားလည်ရမှာဖြစ်ပြီး ထိုစနစ်က မည်သည့်အရာများကို ဦးစားပေးကဏ္ဍတွင်ထားရှိ၍ မည်သည်တို့ကိုအပူတပြင်းစိတ်အားပြင်းပြစွာ ရှာဖွေသနည်းဆိုသည်တို့ကို အမိအရ နားလည်ကြရမည် ဖြစ်သည်။
ပထမဦးစွာ တရုတ်နိုင်ငံ၏ အင်စတီကျူးရှင်းများသည် ပြည်သူကိုဗဟိုပြုသည့် အင်စတီကျူးရှင်းများအဖြစ် ရပ်တည်ကြသည်။ တရုတ်နိုင်ငံကဲ့သို့ လူဦးရေသန်းပေါင်း ၁၄၀၀ ကျော်ရှိသော၊ မြေဧရိယာလည်း ကြီးမားကျယ်ပြန့်သည့် တိုင်းပြည်တစ်ခုအနေဖြင့် အင်စတီကျူးရှင်းများသည် တရုတ်လူ့အဖွဲ့အစည်း၏ အဓိကမောင်းနှင်သည့် အစိတ်အပိုင်းများကို နားလည်ထားကြရန် လိုအပ်မည်ဖြစ်ပြီး ၎င်း (တရုတ်လူ့အဖွဲ့အစည်း၏ အဓိကမောင်းနှင်သည့် အစိတ်အပိုင်းများ) တို့၏အခွင့်အရေးနှင့် အာဏာကိုလည်း အင်စတီကျူးရှင်းများအတွင်း၌ အပြည့်အဝအသုံးချနိုင်စွမ်းရှိသည့် အခြေအနေဖြစ်ရန် ဖန်တီးတည်ဆောက်ထားကြသည်။
တရုတ်နိုင်ငံသည် အာဏာရှင်နိုင်ငံသာဖြစ်မည်ဆိုလျှင် ပြည်သူ့ဒီမိုကရေစီအာဏာကအုပ်ချုပ်သောနိုင်ငံသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အခြေခံလူတန်းစား၊ အလုပ်သမားနှင့် လယ်သမားများက ဦးဆောင်သော ဆိုရှယ်လစ်နိုင်ငံတော်၏စနစ်ကို အတိအကျခိုင်မာစွာ တည်ဆောက်ထားနိုင်ပြီးလည်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံ၏အုပ်ချုပ်ရေးစနစ်တွင် ပြည်သူ့ကွန်ဂရက်စနစ်၊ တရုတ်ကွန်မြူနစ်ပါတီကဦးဆောင်သော ပါတီစုံပူးပေါင်းဆောင်ရွက်၍ နိုင်ငံရေးအတိုင်ပင်ခံ အကြံပြုသည့် စနစ်၊ တိုင်းရင်းသားဒေသများကိုယ်ပိုင်အုပ်ချုပ်သည့်စနစ်နှင့် အခြေခံလူတန်းစားအတွင်း ဒီမိုကရေစီကျသော ကိုယ်ပိုင်အုပ်ချုပ်သည့်စနစ်များ တည်ဆောက်ထားလေသောကြောင့် တရုတ်နိုင်ငံသည် တစ်ပါတီအာဏာရှင်စနစ် မဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီကဦးဆောင်သည့် အခြားပါတီများလည်း ပါဝင်သည့် ပါတီစုံစနစ်လည်းပါဝင်သည်။ ထိုသို့သော စနစ်များက ပြည်သူလူထုအတွက် ပိုမိုကျယ်ပြန့်၍ သေချာသော အခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့ကိုရရှိစေကာ နိုင်ငံတော်အုပ်ချုပ်မှုနှင့် လူမှုရေးအုပ်ချုပ်မှုများတွင် ပြည်သူများ၏ ပါဝင်ခွင့်ကို ပို၍ကျယ်ပြန့်နက်နဲစေတော့သည်။
ဒုတိယအနေဖြင့် တရုတ်နိုင်ငံသည် တရားမျှတမှု (fairness and justice) ကို အင်စတီကျူးရှင်းများ၏ တန်ဖိုးများအဖြစ် ဆုပ်ကိုင်ထားသည်။ တိုင်းပြည်၏စနစ်သည် ပြည်သူကိုဗဟိုပြုထားသည့်အလျောက် ပြည်သူသည်သာ တိုင်းပြည်၏အရှင်သခင်ဖြစ်သော စနစ်ကိုကျင့်သုံးသည်။ အင်စတီကျူးရှင်းများ၏ အခြေခံသဘောတရားများတွင် လုပ်သားပြည်သူ၏အကျိုးစီးပွားကိုဦးတည်သည့် အတွေးအခေါ်များကို ထည့်သွင်းထားပြီး တူညီအနာဂတ်တွင် အတူတကွသာယာဝပြောခြင်းကို ရည်ရွယ်ကာ ပြုပြင်ပြောင်းလဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့၏ အသီးအပွင့်တို့ကို ပြည်သူများအားလုံးအတူတကွ မျှဝေခံစားစေသည်။ ဤသို့ဖြင့် တရုတ်နိုင်ငံ၏စနစ်တွင် တရားမျှတမှု (fairness and justice) ကို ပို၍သိသာထင်ရှားစွာ အသိအမှတ်ပြုထားလေသည်။ တူညီအနာဂတ်တွင် အတူတကွသာယာဝပြောခြင်းကို တည်ဆောက်ရာ၌ ဦးစွာအချို့သောဒေသနှင့် ပြည်သူများက သာယာဝပြောခြင်းကို အစောဆုံးခံစားကြရပြီး အဆုံးတွင် ပြည်သူအားလုံး အတူတကွသာယာဝပြောသောတိုင်းပြည်အဖြစ် ရောက်ရှိရန် ရည်မှန်းချက်ထား ကြိုးစားခြင်းဖြင့် တစ်ဆင့်ပြီး တစ်ဆင့်အောင်မြင်စွာအကောင်အထည်ဖော်ခဲ့ခြင်းလည်းဖြစ်သည်။
တတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ အင်စတီကျူးရှင်းယန္တရားများသည် အရင်းအမြစ်များကို အဓိကကျသော အစီအမံများ၊ စီမံကန်းများအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး တရုတ်လူ့အဖွဲ့အစည်းသည် “အလုပ်သမား (လုပ်အား)၊ အသိပညာ/ အတတ်ပညာ၊ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် ငွေအရင်းအနှီးများ” အားလုံးကို စနစ်တကျအုပ်ချုပ်စီမံကာ လူမှုအသိုင်းအဝိုင်းအတွင်း အပြည့်အဝစီးဆင်းစေသည်။ တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုစနစ်များသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဆက်လက်ချီတက်လျက်ရှိပြီး ထိုကဲ့သို့ အရင်းအမြစ်များကို အဓိကကျသောစီမံကိန်းနှင့် အစီအမံများအတွက်ဦးစားပေး အသုံးပြုဆောင်ရွက်ခြင်းသည် ကြီးမား၍သိသာထင်ရှားသော အောင်မြင်မှုရလဒ်များကိုရခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းယန္တရားနှင့် လုပ်ငန်းဆောင်တာများ လည်ပတ်မှုစနစ်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် နယ်ပယ်ကဏ္ဍပေါင်းစုံမှ အရင်းအမြစ်များအားလုံးကို စုစည်းခြင်း၊ ခွဲဝေအသုံးပြုစီမံခြင်းကို စနစ်တကျဆောင်ရွက်ပြီး ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အကျပ်အတည်းရှိနေချိန်၌ နိုင်ငံတော်ကိုအတူတကွ အကျပ်အတည်းအတွင်းမှ ဆွဲထုတ်ကယ်တင်နိုင်ရာလည်းဖြစ်ခဲ့သည်။
ယခုအခါ အရင်းအမြစ်များကို မဟာဗျူဟာမြောက်လမ်းညွှန်ချက်များအောက်တွင် မဟာဗျူဟာမြောက်စွာ အသုံးချ၍ တိုင်းပြည်၏ အဓိကကျသောစီမံကိန်းများကို ဖော်ဆောင်အောင်မြင်လျက်ရှိသော တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ငါးနှစ်စီမံကိန်းများကို နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ်လေ့လာစောင့်ကြည့်နေကြလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများအများအပြားတွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်များ ရှိကြသော်လည်း အနည်းငယ်ကသာ အမှန်တကယ်ထိရောက်ကောင်းမွန်၍ မြင်သာထင်သာသောရလဒ်များကို ရတတ်ကြပြီး အများစုက စာရွက်ပေါ်တွင်သာရေးသားထားသော လမ်းညွှန်အစီအစဉ်များသာ ဖြစ်နေတတ်ကြကာ ရည်မှန်းချက်နှင့် လျာထားချက်များကို ပြည့်မီအောင်မစွမ်းဆောင်နိုင်ဘဲ တစ်ဝဲလည်လည်ဖြစ်နေတတ်ကြသည်။ သို့သော် တရုတ်နိုင်ငံကကျင့်သုံးသည့်စနစ်ကတော့ အမျိုးစုံသော အစီအစဉ်နှင့်စီမံကိန်းများကို ဆက်တိုက်ဖော်ဆောင်ရုံတင်မကဘဲ အောင်မြင်မှုရလဒ်များရရှိစေရန်လည်း အသေအချာ ဆောင်ရွက်အကောင်အထည်ဖော်ခြင်းကြောင့်ဖြစ်သည်။
ထို့ပြင်တရုတ်နိုင်ငံသည် “မိမိကိုယ်ကိုတော်လှန်ခြင်း” တည်းဟူသော “စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း” ကိုလည်း တာဝန်တစ်ရပ်အနေဖြင့်လုပ်ဆောင်ကာ ၎င်း၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးတွင် တံခါးဖွင့်ဝါဒနှင့် အားလုံးပါဝင်ရေးဝါဒတို့ကို အပြည့်အဝဖော်ဆောင်လေသည်။ မိမိကိုယ်ကို ပိတ်လှောင်ထားခြင်းကိုမပြုလုပ်ဘဲ လူသားမျိုးနွယ်ယဉ်ကျေးမှုတစ်ခုလုံး၏ သမိုင်းတစ်လျှောက်တွင် ရရှိခဲ့သော ထူးချွန်သည့်အောင်မြင်မှုအားလုံးကို လက်တွေ့ကျကျ သုံးသပ်လေ့လာခြင်း၊ အခြားသူများ၏ အားသာချက်များထံမှ လေ့လာခြင်းနှင့် လက်တွေ့ကျစွာ အကောင်အထည်ဖော်ဆောင်ရွက်သည်။ သို့သော် ထိုသို့အခြားသူများ၏အောင်မြင်မှုနှင့် အားသာချက်များကို လေ့လာအသုံးချရာတွင် တရုတ်နိုင်ငံသည် မိမိ၏အမျိုးသားဝိသေသလက္ခဏာများ၊ ယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာ၊ ဒေသခံရှိရင်းစွဲလူမျိုးများ၏ ဝိသေသလက္ခဏာများနှင့် သင့်လျော်ပေါင်းစပ်၍ တရုတ်ပုံစံစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
ဤသို့ဖြင့် တရုတ်နိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုအောက်တွင် ပြည်သူကတိုင်းပြည်၏ အရှင်သခင်နေရာတွင်ရှိနေပြီး ဆိုရှယ်လစ်စနစ်၏ဥပဒေများ၊ ဆိုရှယ်လစ်ပြည်သူပိုင်ဆိုင်မှုများက တရုတ်နိုင်ငံ၏စနစ်အတွင်း ထွန်းတောက်သောအလင်းတန်းများအဖြစ်ပေါ်ထွန်းပြီး အဲဒီ့အုပ်ချုပ်မှု ထွန်းတောက်သည့် အလင်းတန်းများက တရုတ်နိုင်ငံ၏အင်စတီကျူးရှင်းများကို အားကောင်းစွာနှင့် ခိုင်မာစွာ ရပ်တည်နိုင်ရေးတို့ကို လမ်းညွှန်မှုပေးကာ တရုတ်နိုင်ငံ၏အုပ်ချုပ်မှုစနစ်ကို ပုံဖော်ပေးလေသည်။
ဤသည်မှာ ပရော်ဖက်ဆာရှင်မင်း၏ လေ့လာသုံးသပ်ချက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အားကောင်းသော ခိုင်မာသော အင်စတီကျူးရှင်းများက ၎င်းတို့နိုင်ငံတည်ဆောက်ရေးကဏ္ဍတွင် မည်ကဲ့သို့ပါဝင်ခဲ့သည်နှင့် မည်ကဲ့သို့လုပ်ငန်းယန္တရားများ လည်ပတ်သည်ဆိုခြင်းကို အကြမ်းမျှလေ့လာနိုင်မည်ဖြစ်သည်။ လူသားမျိုးနွယ်ကို ဗဟိုပြုသည့် အင်စတီကျူးရှင်းများ၏ လုပ်ငန်းလည်ပတ်မှုပုံစံများကပင် “တရုတ်နိုင်ငံက အခြားတိုင်းပြည်များနှင့်မတူဘဲ ထူးခြားနေရခြင်း” ၏ အကြောင်းများစွာထဲက တစ်ခုပင်ဖြစ်တော့သည်။
-
(Global Times သတင်းဌာန၏ ဇွန်လ ၂၈ရက်၊ ၂၀၂၆ ခုနှစ် ရက်စွဲဖြင့်ဖော်ပြသော “Understanding 'why China is different' through its institutional strengths” ဆောင်းပါးမှ ပါမောက္ခရှင်မင်း၏သုံးသပ်ချက်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။ )















